Pages

Tuesday, May 27, 2008

ကြယ်

အတောက်ပဆုံးလား

အလောင်ကျွမ်းဆုံးပဲလား…

ကြယ်ရယ်….။

ရင်ခုန်သံလေဖိအားနည်းအရပ်မှ

ဘယ်လိုသယံဇာတတွေနဲ့

ကျွမ်းလောင်နေရတာလည်း…

ကိုယ့်အမှောင်ကိုယ်ပြန်လင်းရင်း

နှလုံးသားရဲ့ငြင်းဆိုခြင်းတွေ

ခဏခဏလွင့်စင်ကျလာတဲ့

ဥက္ကပျံအပိုင်းအစတွေလို

ငိုနေတဲ့ဆုတောင်းတွေတိတ်တဆိတ်

ပျော်ရွှင်မှုဟာ

ဘုရားသခင်ကိုကျောခိုင်းထားတယ်….။

မိုးလှိုင်ည

Thursday, May 22, 2008

ဆောင်းညများ

ငါပါရီကိုရောက်တော့
ဆောင်းညက ကြမ်းရှနေပြီ...
ဗင်းဆင့်ကိုမတွေ့ရတော့ဘူး
ဂေါ်ဂင်က တဟေတီကိုထွက်သွားပြီ

ရိုဒင်က ငရဲပြည်သို့ဝင်ထွက်ရာတံခါးကနေ
နပိုလီယန်ကို မောင်းထုတ်မယ်ဆိုတာကြီးပဲ....

မိုးနေးက အဆုတ်ရောဂါနဲ့အိပ်ရာထဲလဲလို့

ဗာဆိုင်းနန်းတော်ခြေရင်းမှာ
မအောင်မြင်သေးတယ့်ပန်းချီဆရာတွေ
သူတို့ပန်းချီကားကို
ကော်ဖီခွက်တွေနဲ့လဲသောက်နေရတုန်းပဲ
ဆောင်းဝတ်ကုတ်အင်္ကျီအရှည်ကြီးတွေဟာ
သူတို့အိပ်ရာပေါ့...

၁၈ရာစု၊ ၁၉ရာစု၊ ၂၀ရာစု
တတိယထောင်စုနှစ်
အနုပညာသမားတွေဟာ
ရူးသွပ်မှုဒီဂရီတူတယ်
ဒုက္ခနဲ့ဒဏ်ရာတူတယ်....။

ငါတို့အနုပညာကိုလူတွေနားလည်ဖို့
နောက်ထပ်အနှစ်နှစ်ရာ
ဘုရားသခင်နားလည်ဖို့
ကပ်ကမ္ဘာခုနှစ်ခု
ဒါတောင်မှလုံလောက်ပါ့မလား....

ခံစားမှုသစ်ရင်အနုပညာသစ်မယ်
ခံစားမှုစစ်ရင်အနုပညာစစ်မယ်
အငြင်းပွားဖွယ်ရာတွေကို
အငြင်းပွားမနေကြနဲ့

နှင်းမုန်တိုင်းစဲရင်
ရောက်မလာသေးတဲ့ရာစုနှစ်တွေကို
ဗာဆိုင်းရင်ပြင်ပေါ်မှာ
ပန်းချီဆရာတွေကြိုတင်ရေးဆွဲလိမ့်မယ်....။

မိုးလှိုင်ည

Monday, May 19, 2008

နာဂစ်

ပန်းပွင့်မုန်တိုင်းတဲ့
အရိုင်းဆန်လွန်းလှချည်ရဲ့...
ဘ၀တွေအစိတ်စိတ်ကြေခဲ့ရ...။

လပွတ္တာ၊ဘိုကလေး၊မြောင်းမြ၊
ကွမ်းခြံကုန်း၊ကော့မှုး၊
သန်လျင်၊ကျောက်တန်း၊ခရမ်း
တောမြို့လေးတွေကြေမွ
ရန်ကုန်လိုမြို့ကြီးတောင်
လဲပြိုခဲ့ရတယ်...

နာဂစ်တဲ့လား
လူနှစ်သိန်းကျော်ရဲ့အသက်ကို
မေလမနက်ခင်းတွေထဲမှာဆွတ်ယူသွားခဲ့တယ်။

လက်ကိုမြဲမြဲဆုပ်ထားကလေး
ဒီတစ်ခါလက်ဆုပ်ပြေရင်
ကမ္ဘာမှာအဖေတို့ပြန်တွေ့ကြရတော့မှာမဟုတ်ဘူး

ဒီရေက
၎ပေ၊ ၆ပေ၊ ၁၂ပေ...
ပထမလှိုင်း၊ဒုတိယလှိုင်း၊တတိယလှိုင်း
လှိုင်းလုံးတွေအဆင့်ဆင့်
ကျွန်တော့်အနာဂတ်တွေ
ပင်လယ်ထဲမျောပါသွားပြီဗျာ...
လပွတ္တာလယ်သမားကြီးကပြောတယ်...။

သူ့မျက်ရည်စက်တွေကို
မန်ယူတီရှပ်နဲ့သုတ်ရင်း
ကယ်ဆယ်ရေးစခန်းမှာခြောက်ရက်မြောက်ပြီ
ဆန်ပြုတ်နှစ်ခွက်နဲ့
တီရှပ်နှစ်ထည်ပဲရောက်လာသေးတယ်...

ယဉ်ကျေးတဲ့ကမ္ဘာက
အဲဒီလောက်ပဲစာနာသတဲ့လားခင်ဗျာ
သူတို့ဟာ
ရိုးသားတဲ့လယ်သမားတွေ
ကြိုးစားတဲ့တံငါလုပ်သားတွေ
ကွမ်းခြံစိုက်စားသူတွေ
ကမ္ဘာမြေကြီးကိုနှလုံးသားနဲ့
ချစ်ခင်သူဟာသူတို့ပဲ...
သူတို့က
နိုင်ငံတစ်နိုင်ငံကိုအုပ်ချုပ်သူတွေမဟုတ်ဘူး
တရားမဲ့ဥပဒေတွေကို
ရေးဆွဲပြဌါန်းသူတွေမဟုတ်ဘူး
စစ်ပွဲပြုလုပ်သူတွေမဟုတ်ဘူး
သူတို့ဟာရိုသားတဲ့ပြည်သူတွေပါ
သူတို့ကအပြစ်ကင်းတဲ့ကမ္ဘာသူ၊ကမ္ဘာသားတွေပါ

အမှန်တကယ်အတိဒုက္ခရောက်သူ
လူသားတွေအတွက်
လူသားခြင်းစာနာတဲ့အကူအညီပေးဖို့
လူမဆန်တဲ့သူတွေနဲ့အခြေတင်ငြင်းခုံနေရတာ
ယဉ်ကျေးတဲ့ကမ္ဘာဟာ
သိပ်ကိုနုံအလွန်းတယ်...

တစ်နေ့ချင်းတစ်ရက်ချင်း
သေခြင်းကဆွဲယူနေတဲ့
ဘ၀မုန်တိုင်းထဲ
နာဂစ်ရေ
ပန်းပွင့်ဖြစ်ဖြစ်ဘာဖြစ်ဖြစ်ငါတို့ဆီထပ်မလာပါနဲ့
ကဗျာဆရာရဲ့ဒိုင်ယာရီမှာ
နာကျင်ဖွယ်နေ့ရက်များ
ထပ်မံမရေးခြစ်လိုတော့......။


မိုးလှိုင်ည

Thursday, May 15, 2008

လပွတ္တလုပ်

လပွတ္တလုပ်ဟာ
ထရိုဂျန်မြင်းရုပ်မဟုတ်သလို
ရွှေဘိုမြင်းလည်းမဟုတ်ဘူး
သူ့မြင်းသူစီး
သူ့ဗုံသူ့တီးခဲ့သူပါ ။

လမ်းရှိသလို ပန်းရှိတယ်
စခန်းလည်းရှိတယ်
ဓားကိုင်ယောကျာင်္းသားတွေလည်းရှိတယ်
ဝါဆိုညီနောင်ဖောင်ဆိုက်ပြီဆို
ကိုးတောင်စစ်သူကြီးဟာ
ခွေးအိုတစ်ကောင်လို
လျှာနဲ့သိမ်းလျက်ပေးတဲ့
ဘင်္ဂလားအော်ရဲ့
နှာခေါင်းတစ်ပေါက်လည်း ဖြစ်တယ်။

ဘရော့ဒ်ဝေးလမ်းမရှိသလို
ရွှေတောင်ကြားလမ်းလည်းမရှိဘူး
ရွာရှေ့လမ်း နှင့် ရွာနောက်လမ်း
ဆိုင်းထမ်းပိုးထဲမှာ သူ့ကိုထည့်ထမ်းထားရတယ်။

ဟံသာဝတီကို ပြည်တော်ဝင်ဖို့
ရှင်စောပုဟာ မော်တင်စွန်းအပြန်မှာ
သျှန်တိနိကေတန်အရပ်ကို
ရန်ကင်းတောင် ရွာဆံထုံးပေါ်မှာ
ခပ်ဖုံးဖုံးနေခဲ့ဖူးတယ်။

ရွာထက်ကျောင်းရွာအောက်ကျောင်းနဲ့
စေတီဟောင်းတွေဆီက
ဆည်းလည်းသံတွေလည်းလွင်နေဆဲ။

ဓမ္မစေတီမင်းဟာ
ကံသစ်ဆောင်သီဟိုဠ်ပြန်တွေကို
အကြိုတော်တောင်မှ စောင့်ခဲ့ဖူးသလို
ရွာဦးကင်းနင်းကန်သွားတဲ့
အစိမ်းရောင်မြစ်တစ်စင်း
ဦးကျိုးလာမည့်နေ့ကို
သိုဆောင်းတေးတစ်ပုဒ် ငြီးရင်း
ရွာအိုလေးပေါ်မှ စောင့်နေမိသူက
ကျွန်တော်ရယ်ပါ.. .. ..။

ရက်စတော့ရဲင့် အင်းန်
မရှိပေမယ့်
ဘုံဆိုင်လေးနှစ်ဆိုင်နဲ့
နွားရိုင်းသွင်းချိန်ဟာ
မြင်းစီးသမားတွေကို
အာလေးနိုင်စေခဲ့တယ်.. .. ..။

ဒီကွန်စတပ်ရှင်း
ဖြစ်တည်မှုပဓာန၀ါဒ
သူမသိဘူး.. .. ..
ဇူလိုင် ၁၉ မှာ
ရွာလုံးကျွတ် မိုးအုံ့နေကြတယ်.. ..။

လက်ဝဲခြံ လက်ယာခြံမှာ
ဒေါင်းနွယ်ဆွေပန်းကလွဲလို့
အမေရိကန်ပန်း ဗီယက်နမ်ပန်းတွေပွင့်ကြ
နောက်ပြီး
အောက်တိုဘာ ၂၄ရက်၊
မင်္ဂလာဦးညများဆို
ရွာချစ်ပျိုသင်တွေကို
စိတ်ကူယဉ်တုံကင်များ ဝေငှလိုက်သေး။
မောင်လာမှ.. .. .. ပန်းပန်မယ်လို့.. .. ..
တဖွဖွေ့ပြာခဲ့တာလည်း ကြားယောင်မိပါတယ်...
တေးသွားကိုဆေးဖော်ရင်း
ပန်းဓားတွေ ရင်ဝယ်ပိုက်ကာ
လအထွက်အား စည်းလိုက်နေတဲ့
လူပျိုသိုးကြီးတွေလည်းရှိတယ်။

ဂျက်ဆင်ပိုးလော့စ်ရဲ့
ဆောင်းဦးရစ်သမ်မရှိပေမယ့်
ဥတ္တရယွန်းယွန်းမှ
မီးနေသည် စပါးခင်းရှိတယ်။

ကက်တလီယာ၊ ဒန်ဒရိုဘီယမ်၊
သစ်ခွမရှိပေမယ့်
ဗျိုင်းတစ်အုပ်လို အဖွေးလိုက်ကြိုင်လှနေတဲ့
တောစံပယ်ရုံရှိတယ်။

ပီထရိုနာစ့် မျော်စင်မရှိပေမယ့်
ရှင်စောပု ပညတ်ခဲ့တဲ့
ရန်ကင်းတောင်တော်ရှိတယ်
( အနောက်ရိုးမ ဟာ
အီတာလျံနှင်းစက်တို့ကြားမှာ
အလျားမှောက် အိပ်မောကျနေလိုက်တာ.. .. ..
လှမ်းခဲ့ပါအဆွေ.. .. ..
လွမ်းစရာသိပ်ကောင်းတယ်.. .. ..)

ဝါရှင်တန်ပန်းသီးမရှိပေမယ့်
ဆီးသီးမှာ လပွတ္တလုပ်
ရွာရဲ့ထမင်းလုတ်လည်းဖြစ်တယ်။

ရိုလာကိုစတာ မရှိပေမယ့်
ဝါးပိုးဝါးစွပ်ဖားတွေရှိတယ်။

စကော့ဝီစကီ မရပေမယ့်
ပင်ကျရေစစ်စစ်တွေ ပေါတယ်။
ဒေါက်တာဇီဗားဂိုးရဲ့ ရုပ်ရှင်
မကြည့်ဖူးပေမယ့်
ဗိုလ်အောင်ဒင်နဲ့ အင်စပက်တော် ဦးဘချစ်အကြောင်း
ကောင်းကောင်းသိတယ်
မမြ၀င်းရေ.. ..။

ဘုန်းတော်ကြီး ဒက်မွန်တူးတူးရဲ့
ငြိမ်းချမ်းရေးသ၀ဏ်လွှာမဖတ်ဖူးပေမယ့်
တရားပွဲအပြီး
ကြေးစည်သံအတွက်
သာဓုကောင်းကောင်း ခေါ်ဖြစ်ကြတယ်။

ဆယ်တန်းအောင်ရင်
နတ်စိမ်းလုပ်မယ့်
ဗြာဟ္မဏကျောင်းသူတွေလည်း
မရှိလောက်ပါ့ဘူးထင့်.. .. ..
ရီဇော်ဟိန်း ခွက်ကျန်အရက်များနဲ့
ပက်လိုက်လို့.. ..။

ထမင်းတစ်အိုးချက်လောက်မှာ
ငါးညှီနံ့များ ချိုးမိုးထားတဲ့
တောမြို့လေး (လပွတ္တာ)ဟာ
မခိုတရို့လေးထိုင်လို့။

ဗြုန်းဆို
ကောက်စိုက်သမလေးရဲ့
ရင်နှစ်မွှာ
ငိုက် ငိုက်လာတဲ့ရာသီဆို
တောမြို့လေးနဲ့
ကွာရှင်းခွင့်အတောင်းခံရတဲ့
ဇနီးသည်တစ်ဦးဖြစ်လို့
ဇနီးသည်တစ်ဦးဖြစ်လို့

မဲဇာတောင်ခြေ စီးထွေထွေတည့်
မြစ်ရေ၀န်းလည် မြိုင်တောဆီက
ရွှေပြည်ကိုသာ တရှာတော့မိ
.. ... ... ..
.. ...
ဓူဝံမပေါ် မမြော်ပါရ
နေကိုတလည်း ဘယ်ကရှေ့နောက်
... ဘယ်တောင်မြောက်ဟု
တွေးထောက်မမှန်
.. .. အာရုံမျက်မြင်ဖူးမြော်ချင်၍
သည်တွင်ရွှေမြို့၊
သည်သို့စေတီ၊ သည်ဆီရွှေနန်း
ဖြောင့်တန်းတော့မည် စိတ်ကရည်သည်
ရွှေပြည်ဠာ ဝေးသောကြောင့်
လက်ဝဲသုန္ဒရက
ရတနာသိင်္ဃကို ဒီလိုလွမ်းခဲ့တယ်။

ကိုင်းညွတ်မြက်ပင် ရွက်ညိုတွေကိုရေဆွတ်ဖို့
ပျိုမြစ် ချစ်ဖွယ်
ချိုမြတေးနဲ့ ကျေးရတက်အက
တယောသံ ပုလွေသံတွေကို နားပန်ဖို့
ငါပြန်လာဦးမယ်
နာတာရှည်ဝေဒနာတွေကို
ငါ့စိတ်နဲ့ဖြေသိမ့်ဖို့.. .. ..
ကလော့ဒ်မကေးက
ဂျမေးကားကျွှန်းလေးကို ဒီလိုလွမ်းပြန်။

တာဝန်မကျေမှုတွေအတွက်
ကျွန်တော်ဦခေါင်းကို
ဂီလိုတင်းဓားစက်ထဲထိုးသွင်းပြီး
အဲဒီဦးခေါင်းကိုပဲ
တစ်ဆက်တည်း.. .. ..
တံတားတုံးခင်းပူဇော်ဖို့အထိ
အစီအစဉ်ရှိတယ်
]အားလုံးကို စွန့်လွှတ်ရရင်တောင်
သတိရခြင်းကို ငါပိုင်တယ်}
ကျွန်တော်က ဒတ္တကိုငှားပြီး
ဟောသလို နည်းနည်း လွမ်းလိုက်မယ်။

ဆံပင်တွေက ဖြူ
အ၀ဇာတ သတို့သားများကလည်း
ဆံနွယ်တွေကို နင်းလိုနင်း
ထော်လာဂျီ ငါးရိုးတွေစူးလိုစူး
အရိုးများ
အပေါ်သို့ ငေါလိုငေါ
မောနေပြီလား ... သခင်
အဘိဓမ္မာရွတ်ပွဲလည်း နီးပြီ
သက်ကြီးပူဇော်ပွဲ ၀ါဆိုပန်းခူးပွဲနဲ့
ဆုတိုင်းလွဲ ဘောလုံးအသင်းရဲ့
ခြေရာတွေကလည်း
သူ့သမိုင်းကို မရိုင်းခဲ့ပါဘူး။

]ငယ်ငယ်က
ဂျီသြမေတြီ စိတ်မ၀င်စားသူများသည်
ကြီးလာရင် နတ်၊ စုန်း၊ ကဝေတို့အား
ယုံပစ်လိုက်သည်} စကားရှိတယ်
ခက်တာက
ဂျီသြမေတြီ မေးခွန်းလာရင်
အကျသာခံမယ့် ကျောင်းသားတွေ
ရှိနေတုန်းပါပဲ။


သူရနီ

Thursday, May 1, 2008

ဒီကနေ့ပွင့်တဲ့ သီချင်း

ရော့ကာလည်း မဟုတ်ဘူး

ရက်ပ်ပါလည်း မဟုတ်ဘူး

ဂျင်းဘောင်းဘီဝတ်တယ်

ဒီမိုကရေစီ ကိုချစ်တယ်…


ဒါ

၂၁ရာစုကဗျာဆရာ….

ကိုယ့်စိတ်ကူးက အမှန်တရားကို

ရေနံတွင်းလိုတူးတယ်…။


အချိန်တန်လို့

အရိန္ဒမာလှံကို မောင်ချောနွယ်ယူပြီး

ပြန်သွားပြီ….။

မင်းတို့ ကျန်စစ်သားရူးပြီး

ပန်းပုတွေလျှောက်ထုနေလည်း

စက်မှုဇုန်က သံချောင်းကို

ဘုရားစောင်းတန်းကရွှေနဲ့ပဲရမယ်….

(ဘာဖြစ်ဖြစ် ကိုင်ရရင်ပြီးတာပဲလေ)


မျိုးချစ်စိတ်ကြီးသူတွေလေ

ပီကင်း ကိုလည်တမော့မော့

ဒီတစ်ခါဘယ်လိုစွန့်ကြဲမလည်းနဲ့


အရက်သမား ပထွေးနဲ့

အရက်ကြိုက်တဲ့ မယားပါသား

သားအဖအရင်းတွေထက်

ပိုချစ်တယ်ဆိုလည်း

ဟား ဟား ဟား


ဘုရင်ရူးသိပ်မရူးနဲ့

မင်းထိုင်တဲ့ပလ္လင်မှာ

မူလီတွေသံချေးကိုက်နေပြီ

ဆင်သွားရင်လမ်းဖြစ်တယ်ဆိုပေမယ့်

ခြင်ကြားကိုက်ရင် ငှက်ဖျားဖြစ်လိမ့်မယ်

မင်းသွားတဲ့ လမ်းဆိုတာ

ဝါးကပ်ခင်းကို ကတ္တသုတ်ထားတာ

ကိုယ့်ဟာကိုယ် ဟုတ်လှပြီသိပ်မထင်နဲ့

ကိုယ့်စိတ်ကိုယ်တံခါးပိတ်ပြီး

တခြားသူတွေကို သဘောထားကြီးပေးပါဆိုတော့

ရိုင်စိုင်းတဲ့အရူးကို သံတိုင်ကြားကကုထုံးထက်

ကောင်းတာမပေါ်သေးဘူးလေ…


မင်းကတော့မင်းကိုယ်မင်း

လူကြီးလို့ ဟန်တင်းတယ်…

မင်းဦးနှောက်က ငုံးဥလောက်ဆိုတော့…


အေးပါ..ငါ့တူ

မင်းနားမလည်လည်း

မင်းနားသာပိတ်ထားတော့…

သီချင်းသံဆိုတာကမ္ဘာကြီးမှာတိတ်လို့ မရဘူး…။


မိုးလှိုင်ည