Monday, December 15, 2008

ဖေဖော်ဝါရီသို့တမ်းချင်း (၃)


အဲဒါဟာ

ခြောက်နှစ်လုံးလုံး တယ်လီဖုန်းထဲမှာ

ပုန်းအောင်းနေတဲ့အသံ

စာလုံးရေ ၁၃ လုံးနဲ့ ခိုတစ်ကောင်ပေးလာတဲ့

သ၀ဏ်လွှာအပိုင်းအစ

ငါဟာ

ချစ်ခြင်းမေတ္တာဆိုတဲ့ ကျိန်စာတစ်ခွန်းကို

စိတ်လိုလက်ရရွတ်ဆိုဖူးခဲ့တယ်

ဖေဖော်ဝါရီရယ်။

တမ်းချင်းအမှတ်(၃)ဆိုတာက

စားပွဲဝိုင်းပေါ်ဖွင့်ချလိုက်ရတဲ့

စီးပွားရေးအကျပ်အတည်းမဟုတ်ပါဘူး

FBI ရဲ့ လူသိရှင်ကြားဝန်ခံလိုက်ရတဲ့

နိုင်ငံရေးလက်ဝင်လျှိုမှု မဟုတ်ပါဘူး

သားသတ်ရုံကိုဆွဲခေါ်ခံနေရတဲ့

နွားတစ်ကောင်ရဲ့ အသနားခံလွှာမဟုတ်သလို

ပုန်းရှောင်ထွက်ပြေးနေရတဲ့

စစ်ရာဇ၀တ်ကောင်ရဲ့

ခြောက်ခြောက်ခြားခြားအိပ်မက်ဆိုးတွေလည်းမဟုတ်ဘူး…။

ကဗျာဆရာတစ်ယောက်ရဲ့

ဒိုင်ယာရီထဲက နာကျင်ခဲ့ရတဲ့ရက်စွဲသက်သက်ရယ်ပါ…။

ချစ်တယ်ဆိုတဲ့ စကားတစ်ခွန်းမပါပဲ

ငါတို့တွေ ခြောက်နှစ်ကြာချစ်သူတွေဖြစ်ခဲ့ကြသလို

မုန်းတယ်ဆိုတဲ့စာသားတွေမပါပဲ

ကပ်ကမ္ဘာတစ်ခုလုံးဝေးကွာသွားရပုံတွေပေါ့

……. ………. …………..

……… ……….. ………….

လွန်ခဲ့တဲ့ မိုးသည်းထဲမှာ

နင်ထီးကလေးအောက်မှာငါမိုးခိုခဲ့ဖူးတယ်

အဲဒီမှိုင်းမှိုင်းညို့ညို့ဇူလိုင်လတစ်ရက်လေ

ငါရင့်ထဲကိုအချစ်လို့အမည်တပ်ထားတဲ့

အဆိပ်အပ်တစ်စင်းစူးနစ်ခဲ့ပေါ့….

ရွှေရသ ဆိုတဲ့လက်ဘက်ရည်ဆိုင်လေးမှာ

ကော်ဖီမစ်နှစ်ခွက်ပြိုင်တူမှာသောက်မိတော့

ငါ့ရင်ခုန်သံရစ်သမ်တွေကဗြောင်းဆန်ပြီးလှနေတယ်….

နေ့ဘက်ဆိုရုံးစာရေး

ညဘက်ဆိုပုံနှိပ်တိုက်အလုပ်သမား

နင်နဲ့အတူတိမ်ပြာပြာညနေလှလှတွေရဖို့

ငါရှင်သန်လှုပ်ရှားခဲ့ဖူးတဲ့ဘ၀လေ

နင်အမှတ်ရနေပါ့မလား ဖေဖော်ဝါရီ

ဆူးလေ ကားမှတ်တိုင်ထိပ်မှာရပ်

၄၅ ကားကြီးပေါ်ကဆင်းလာမယ့်

နင်ခြေဖမိုးလေးတွေကိုငါမှတ်သားထားဖူးတယ်

ရိုးရိုးသားသားပါပဲ

နင့်ခြေသန်းတုတ်တုတ်လေးကနေ

လှိုင်းတွန့်နေတဲ့ဆံနွယ်ဖျားတွေအထိ

ငါအချစ်ပြယ်ခဲ့တာဘယ်နေရာမှမရှိခဲ့ပါဘူး

(အခုတော့လည်း ခေတ်ကာလအရ

နင်ဆံပင်တွေကောက်လိုက်ဖြောင့်လိုက်…)

အိပ်မက်ကိုထုဆစ်မိလို့

မအောင်မမြင်ဖြစ်ခဲ့တဲ့ငါ….

ချစ်သူဆီပျံသန်းမလာနိုင်တဲ့ညနေတွေထဲ

ငါဘယ်လိုကြေကွဲနေလည်းနင်အသိပဲ

ဖေဖော်ဝါရီ

ဒါနဲ့များတောင်မှ

ငါ့တစ်ဘ၀လုံးအမှောင်ကျသွားစေမယ့်စကား

`နင်နဲ့ငါသမီးရည်းစားမဟုတ်ဘူးလို့´

နင်ပြောထွက်ခဲ့တယ်နော်…

ရှန်ဟိုင်းကုန်တိုက်အောက်မှာ

ပြဿနာတွေအကြီးအကျယ်တက်ကြတုန်းက

နင်က တခြားယောကျာင်္းတစ်ယောက်ရဲ့လက်ကိုဆွဲပြီး

တက္ကဆီတစ်စီးနဲ့ပြေးထွက်သွားတယ်

ပလက်ဖောင်းပေါ်ကမျက်လုံးအစုံစုံတွေအောက်မှာ

ငါအဲဒီနေရာတင်လဲသေဖိုကောင်းပါတယ်….

အရင်က

ရိုးသားဖြူစင်ဖူးတဲ့နင်က

ငွေကြေးကိုနတ်ဘုရားလိုကိုးကွယ်သွားတဲ့နေ့

`ပိုက်ဆံမရှိပဲ သူများသားသမီးကိုလိုက်မကြိုက်ရဘူးလို့´

နင်ငါ့ကိုပြောထွက်ခဲ့တယ်။

မျှတတဲ့စိတ်ထားနဲ့

နင့်အပေါ်ထားတဲ့နှိုင်းရမဲ့ချစ်ခြင်းမေတ္တာ

ငါ့သိက္ခာ ငါ့သီလက

ဘ၀အာမခံချက်မဖြစ်နိုင်တော့ဘူးလား…

ပိုက်ဆံအိတ်ဖောင်းဖောင်းနဲ့ကောင်တွေမှ

လင်ကောင်းသားကောင်းလို့

နင့်ကို ဘယ်ပါတ်ဝန်းကျင်က

သင်ကြားထားသလဲဖေဖော်ဝါရီ…

ကဗျာဆရာဆိုတာ

ဂျီအက်စ်အမ်ဖုန်းပါမစ်မဟုတ်ဘူး

အာဏာပိုင်ကိုလက်သိပ်ထိုးထားပြီး

အခွန်ရှောင်နိုင်မယ့်လုပ်ငန်းလိုင်စင်မဟုတ်ဘူး

တရားမ၀င်လောင်းကစားတွေနဲ့

မြေအောက်စီးပွားရေးသမားတွေလိုတော့

ထောင်တန်တွေအုပ်လိုက်ခါးကြားထိုးမထားနိုင်ပါဘူး….

ဒါပေမယ့်

မင်္ဂလာတရားနဲ့အညီ ကြီးပွားတိုးတက်ချင်တဲ့ကောင်ပါ

ဘ၀မှာ ငါမကြိုးစားပဲဘယ်နှစ်ခါနေဖူးလို့လဲ

ငါက ဗုဒ္ဒဘာသာဝင်တစ်ယောက်လေ

ဥစ္စာဓနသာအင်အားဆိုပြီး

တောရိုင်းတိရစ္ဆာန်ဝါဒ

ငါဘယ်လိုကျင့်သုံးလို့ရမှာလည်း

အတ္တတွေမကြီးတတ်တာနဲ့မင်းတိုရဲ့ခေတ်မှာ

လူရာမ၀င်ဖြစ်ချင်လည်းဖြစ်စေတော့…

ငါ့အသက် (၂၂) တုန်းကတော့

နင့်ကိုချစ်တဲ့စိတ်တစ်ခုတည်းနဲ့

မလေးရှားသွား အလုပ်လုပ်ဖို့

ငါကြိုးစားခဲ့ဖူးတယ်….

အဲဒီကျွှန်စော်နံတဲ့အတွေးက

နင်နဲ့ဝေးပြီးတဲ့နောက်ငါ့ကိုအရှက်ရစေတာပေါ့…

အခု

နားစည်တွေဖြတ်တိုက်လာတဲ့လေသံမှာ

နင်က

နယူးယောက်ကနေ ဒူဘိုင်းအထိ

တိုကျိုကနေ ဆိုလ်း

ပဲရစ်ကနေ မော်စကို

ချမ်းသာကြွယ်ဝမှုရှိရာခရီးရှည်ချီတက်သွားမယ်တဲ့….

၂၁ ရာစုခေတ်မှာတော့

နင်လည်းဂလိုဘယ်လိုက်ဇေးရှင်းဖြစ်ပြီပေါ့…

ခေတ်ပျက်သူဌေးတွေ

လက်နက်မှောင်ခိုတွေ

ဘာမှန်းညာမှန်းမသိရေနံကြောင့်

အချီကြီးမိလိုက်တဲ့ အာရပ်သူဌေးးတွေကြားထဲမှာ

နင်စိတ်ကူးယဉ်ထားတဲ့

စတာလင်ပေါင်ယူရိုဒေါ်လာ

ငွေစက္ကူစွန်ကလေးတွေ

စိတ်တိုင်းကျလွှတ်တင်နိုင်မယ်ပေါ့

သူတို့က နင်တစ်ကိုယ်လုံးကို

သွေးစွန်းတဲ့အာဖရိကစိန်တွေအလှဆင်ပေးနိုင်ရဲ့

ဈေးကြီးတဲ့ ဟိုတည်အခန်းတွေမှာ

စိတ်ကြိုက်အနားယူခွင့်ပေးနိုင်လိမ့်မယ်

ဖယ်ရာရီပြိုင်ကားလှလှတွေလည်း

လက်ဆောင်ဝယ်ပေးနိုင်တယ်

ငါကတော့ ငါချစ်တဲ့ရန်ကုန်မြို့မှာ

အမှိုက်ပုံထဲထိုင်နေရသလိုမှောင်လည်းမှောင်

မွန်းလည်းမွန်းကျပ်နဲ့

အသက်က ၂၆မှာ ငါ့ကိုယ်ငါသေချာဖြစ်ခဲ့ပြီ။

ငါ့ရန်ကုန်မြို့ပေါ်က ဘယ်တော့မှထွက်ခွာမသွားဘူး

တောက်ပလာမယ့်အနာဂတ်တွေကို

ငါ့ဝင်ငွေထဲက ထမင်းတစ်ဝက်ခွဲကြွေးရင်း

ငါချစ်တဲ့ရန်ကုန်မြို့အကြောင်းပြောပြရင်း

သဗ္ဗညုတလေးဆူရဲ့ဓါတ်တော်တွေ

ဌာပနာပူဇော်ထားတဲ့သိင်္ဂိုတ္တရကုန်းတော်ကိုစောင့်ရှောက်ဖို့

အခုချိန်မှာ ဇာတာဆန်းလဂ်ညှိုးမှိန်နေရတဲ့

ရန်ကုန်မြို့ရဲ့အရှိန်အ၀ါတွေပြန်လည်တောက်ပလာဖို့

ငါ့အသက် ငါ့ဝိဥာဉ် ငါ့နှလုံးသွေးဟာ

ရွှေတိဂုံခြေတော်ရင်းမှာ

သူရဲကောင်းတွေ အာဇာနည်တွေ

သံဃာတော်အရှင်မြတ်တွေရဲ့ ၀ိဥာဉ်တွေနဲ့အတူ

လဲလျောင်းစောင့်ရှောက်ခွင့်ရချင်တယ်…။

ဒီအသက်တစ်ချောင်းနဲ့မျှမလုံလောက်ခဲ့ရင်

ရွှေတိဂုံရဲ့အရိပ်အာဝါသမှာ

အခါခါပြန်ရှင်အခါခါပြန်သေပါရစေ…

အဲဒီ့

အမျိုးသားရေးမာန်တွေနဲ့

ရန်ကုန်မြို့ရဲ့အမှောင်ညထဲ

ငါဒီကဗျာကိုရေးခြစ်မိခဲ့ပါရဲ့…

အမှားပါရင်လည်းခွင့်လွှတ်ထားခဲ့ပေါ့ ဖေဖော်ဝါရီ….။

မိုးလှိုင်ည

တောင်းပန်အပ်ပါသည်။ ။ ၀င်ငွေစံချိန်တင်ရင် အမှတ်စဉ် တစ်နှစ်သုံးထိုးပြီး

ရိုက်တတ်တဲ့ဟောလိဝုဒ်ဇာတ်လမ်းတွဲလိုမဟုတ်ရပါဘူး

အရှေ့တောင်အာရှက ကဗျာဆရာတစ်ယောက်ရဲ့

ရင်ထဲကဆေးရောင်စုံပုံရိပ်တွေပါ

ကဗျာချစ်သူတွေနဲ့ခံစားမှုမျှဝေဖို့ရည်ရွယ်ပါတယ်။

5 comments:

  1. ကျွတ်....... ကောင်းလိုက်တာ
    ဖတ်ရင်း..မျှောသွားတယ်
    ဖန်သားပြင်ပေါ် မြင်ရသလို
    မျက်စိထဲမှာ တစ်ကွက်ပြီးတစ်ကွက် မြင်ယောင်မိအောင်
    အရေးအသားက ဆွဲဆောင်သွားတယ်။

    ချီးကျူးပါတယ် ကဗျာဆရာ....
    လေးစားပါတယ် ကဗျာဆရာ...
    ခေတ်နောက်ကျနေတဲ့ ကိုယ့်တိုင်းပြည် ကိုယ်နေရပ်ကို မစွန့်ပစ်၊ မခွါချင်ခဲ့တဲ့ ကဗျာဆရာကို ဂုဏ်ယူပါတယ် ကဗျာဆရာ...း)

    ReplyDelete
  2. ရင်ဘတ်နဲ့ ဖတ်သွားတယ် မိုးလိုင်ည။

    ReplyDelete
  3. ငုတ်တုတ်မေ့သွားတယ်
    အသက်ရှုနည်းနည်းပြင်းသွားတယ်
    သက်ပြင်းခပ်ရှည်ရှည်ချတယ်

    - ၈ ရာသီဥတုအောက်မှာ
    ရေခဲသေတ္တာထဲက ရေပုလင်းကိုယူသောက်မိတယ်

    ကိုယ်တိုင်မဟုတ်ပေမယ့် ရင်ဘတ်ချင်းတူတော့
    ကိုယ်တိုင်ပဲ ထိလိုက်သလိုပဲ

    သိပ်ကိုရေးတက်လွန်းနေတယ် ကိုမိုးလှိုင်
    ခင်ဗျား ခံစားချက်တွေ ပြင်းထန်နေဖို့
    ဆုတောင်းနေရင် ကဗျာဖတ်ချင်တာတခုတည်းပါဆိုတာကို
    နားလည်ပေးဗျာ။

    လေးစားခင်မင်လျက်ပါ။

    ဆိုးသွမ်း

    ReplyDelete
  4. တမ်းချင်း(၃)ကို ဖတ်ပြီး ရင်ထဲမှာ မောသွားတယ်.. ချစ်တယ် ဆိုတဲ့ စကားတစ်ခွန်းမပါဘဲ ခြောက်နှစ်ကြာ ချစ်သူဖြစ်ခွင့်ရခဲ့တဲ့ ကဗျာဆရာလေးတစ်ယောက်ရဲ့ နာကျင်ခဲ့ရတဲ့ ရက်စွဲတွေအကြောင်း ဖေဖော်ဝါရီ နားလည်ပေးနိုင်ရင် ဘယ်လောက်များ ကောင်းမလဲနော်…။
    တိုးတက်မှုတွေ ဆုတ်ယုတ်နေပေမယ့် ဘာသာ သာသာနာ ထွန်းကားတဲ့မြေမှာ အနုပညာမျိုးစေ့တွေ စိုက်ပျိုးရင်း ရှင်သန်နေထိုင်သွားမယ်ဆိုတဲ့ စိတ်ဓါတ်ကို လေးစားတယ်… ဒေါ်လာလက်ဖျားသီးနေတဲ့ ဘ၀ထက် ကိုယ့်စိတ်ကိုယ် အပိုင်စားရထားတဲ့ ဘ၀တစ်ခုက ပိုပြီး နေပျော် သေပျော်ပါတယ် ကိုမိုးလှိုင်ရယ်…။
    ဘာပဲဖြစ်ဖြစ် ရေခြားမြေခြားမှာ ဖေဖော်ဝါရီတစ်ယောက် အဆင်ပြေပါစေလို့ ဆုတောင်းပေးပါတယ်။
    ဖေဖော်ဝါရီ တမ်းချင်းတွေကို သဘောကျပေမယ့် ကဗျာဆိုတာ နှလုံးသားနဲ့ ခံစားပြီး ရေးရတာမို့ တမ်းချင်း(၄)ကိုတော့ မမျှော်တော့ပါဘူး။

    ReplyDelete
  5. ကဗျာထဲမှာမျောသွားတယ် ညီလေးရေ။

    ReplyDelete

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...