Tuesday, November 18, 2008

“အဟောင်းအသစ်၊ အတုအစစ်”

အကယ်၍
ဒါမှမဟုတ်
သို့သော်
စတဲ့စကားလုံးတွေမပါပဲ
ငါ နွေဦးထဲဝင်ပုန်းတယ်….။

အဘယ့်ကြောင့်ဆိုသော်
ထိုကြောင့်
ဤကဲ့သို့
စတဲ့စကားစုတွေအကူအညီနဲ့
ငါ နွေဦးထဲဝင်ပုန်းတယ်……။

ဂျာနယ်အဟောင်းတွေက
ဂျာနယ်အသစ်ထဲကစကားလုံးတွေသုံးစွဲလို့
ကဗျာအသစ်တွေက
ကဗျာအဟောင်းထဲက အဓိပ္ပါယ်တွေသုံးစွဲလို့
သီချင်းအသစ်တွေက
တေးသွားအဟောင်းတွေကူးယူရင်း
အတွေးအခေါ်အဟောင်းနဲ့ဦးခေါင်းက
ပိုက်ဆံအသစ်တွေရေတွက်လို့
အတွေးအခေါ်အသစ်နဲ့ငါ့ဦးခေါင်း
ရေတွက်စရာပိုက်ဆံအဟောင်းတောင်မရှိဘူး…။

အဲဒီလိုနဲ့
ထိုကြောင့်သာ
ငါနွေဦးထဲဝင်ပုန်းတယ်
ငါ့နွေဦးကအသစ်စက်စက်
ကာဗွန်မြူတွေမှိုင်းနေတာကလွဲရင်
အစစ်အမှန်အတိုင်း
ဆေးခိုင်အာမခံတဲ့….။


မိုးလှိုင်ည

4 comments:

  1. အကိုရေ ဒီမှာတော့ ဆောင်းပေါက်နေပီဗျ :D
    နွေဦးထဲမှာ ကဗျာတွေရှိလားဗျ
    ဒါဆိုရင်တော့ များများလေးခူးခဲ့ပါအကိုရာ :)

    ReplyDelete
  2. ဂွတ်တယ်ဗျာ... ကဗျာကောင်းပဲ။ ကျွန်တော်တို့လဲ ပျံလွှားတွေပျံမယ့် နွေဦးကိုစောင့်နေတာ...

    ReplyDelete
  3. ဒီကဗျာဆရာကတော့လေ… နွေဦးထဲများ ၀င်ပုန်းရတယ်လို့…အိုက်ရတဲ့ကြားထဲ…:P

    ReplyDelete
  4. ကဗျာလေး ကြိုက်တယ်။

    ReplyDelete

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...