Sunday, October 19, 2008

အလေနတော

သူအကြောင်းက

လူတွေကြားထဲမှာပြောလို့မကောင်းဘူး…

သူ့ဆီမှာတန်ဖိုးမရှိဘူးလို့

သူမိသားစုကကျိန်းသေပေါက်ယုံကြည်ထားတယ်

သူကလက်ကြောမတင်းဘူး

သူကပေါ်ကျော့နေတယ်

အချိန်တွေကို လက်ဘက်ရည်ဆိုင်မှာ

ဖြုန်းတယ်

သူရဲ့အရေးတကြီးဆိုတာ

ပရီမီးယားလိဒ်နဲ့ ချန်ပီယံလိဒ်မှာပဲရှိတယ်

သူဟာ

ဘာလုပ်လုပ် နေ့ရွှေ့ညရွှေ့ပဲ

သူဟာဘာမဆိုဆင်ခြေပေးဖို့

ဝန်မလေးသူပေါ့

သူ့ကို သူ့ပါတ်ဝန်းကျင်ကလည်း

အလေနတောလို့ခေါ်ဖို့ဝန်မလေးဘူး

အဲဒီကိစ္စကို သူကအရေးလုပ်ပြီး

စဉ်းစားဖို့အချိန်မရဘူး

သူရဲ့ ညနေစောင်းခွင်ကျ

ဂဏန်းလေးတွေ ပါဝါမချိန်းဖို့လိုတယ်

သူက ညကျရင် ကိုရီးယားကားထက်

ဓါတ်တိုင်အောက်မှာ

ပဆစ်ခေါက်ရတာကို ပိုစိတ်ဝင်စားတယ်

တီဗီ အစီအစဉ်တွေပြီးလို့

ပါတ်ဝန်းကျင်က ပဆစ်ခေါက်သံကြားရင်

လူတွေက အလေနတောတစ်ယောက်

အိမ်ပြန်ချိန်မရောက်သေးဘူးလို့

နှာခေါင်းရှုံ့ကြတယ်…

သူအကြောင်းက

လူတွေကြားမှာပြောလို့မကောင်းဘူး

လူတွေကသူ့အကြောင်းကိုအမြဲတမ်းမကောင်းပြောတယ်..

သူကတော့လူတွေအကြောင်းကို

ဘယ်တော့မှမကောင်းမပြောဘူး…။


မိုးလှိုင်ည


(၀န်ခံချက်-ကဗျာဆရာ နေမျိုးရဲ့ လူပျင်း ကဗျာများကို

ဖတ်မိပြီး ဆင့်ပွားရေးသားထားခြင်းဖြစ်ပါသည်)

2 comments:

  1. လူတွေအကြောင်းကို မကောင်းမပြောတတ်တဲ့ အလေနတောတစ်ယောက်က အားအားယားယား သူများအတင်းပြောနေတဲ့ သူတွေထက်တော့ အကုသိုလ်ကင်းမယ် ထင်ရဲ့နော် 

    ReplyDelete
  2. ကဗျာလာဖတ်သွားတယ် ညီလေးရေ။ နောက်ဆုံး အပိုဒ်လေးက အထိဆုံးပဲ။

    ReplyDelete

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...