Thursday, August 28, 2008

တောရောက်တောင်ရောက် ကိုဖြိုး


သူငယ်ချင်း
မင်းကတော့မပြောမဆို
ကောက်ကာငင်ကာထွက်ခွာသွားတာ
အဆက်အသွယ်ရတော့ ကျွန်းတစ်ကျွန်းပေါ်မှာတဲ့

ငါစိတ်တော့သိပ်မပူလိုက်ရဘူး
မင်းနေတဲ့ကျွန်းက
လူသူလေးပါး
မနားတမ်းဖြတ်သန်းနေတာ…

ဒါပေမယ့်
ပလက်ဖောင်းပေါ်မှာလက်ဖက်ရည်ဆိုင်
မရှိတဲ့မြို့မှာ
ခုံပုလေးတွေမှာထိုင်
ကွမ်းတွေရဲကနဲထွေးထုတ်လိုက်
အတွေးအခေါ်တွေရဲရင့်နိုင်တဲ့
ရန်ကုန်မြို့ကိုလွမ်းရင်
မင်းခံတွင်းတွေယားနေမလား

ရန်ကုန်မြို့ပေါ်က
လေထုထဲစီးကရက်ငွေ့တွေလွတ်လွတ်လပ်လပ်
မှုတ်ထုတ်….
စိတ်ကူးအထပ်လိုက်နဲ့ ကဗျာတွေကို
ရင်ထဲကထုတ်ဖတ်နိုင်တဲ့အချိန်နဲ့
၃၀၀ကျပ်တန် ရွှေဒူးယားကို
မင်းမွတ်သိပ်နေမလား….

သူငယ်ချင်း
မင်းဘာလို့ လူစက်ရုပ်တွေနေကျွန်းမှာ
မင်းရဲ့ ကဗျာတွေကိုဘယ်သူ့ကိုရွတ်ပြလို့ရမှာလဲ
အချိန်မရဘူးလို့ လက်ကာပြသွားမယ့်
မင်းအခန်းဖော်ကို
ငါ့လိုဂုတ်ဆွဲပြီးမင်းထိုင်ခိုင်းလို့ ရနိုင်ပါ့မလား

မင်းဘာအတွက်လဲ သူငယ်ချင်း
ကိုယ်နဲ့မသက်ဆိုင်တဲ့အရပ်ကိုမှ
ရွေးချယ်ခဲ့တာလဲ…

တစ်လဒေါ်လာနှစ်ထောင်တန်
အလုပ်တစ်ခုအတွက်လား
ဒေါ်လာသုံးသောင်းတန်
ဘွဲ့လက်မှတ်တစ်ခု အတွက်လား…

ခေတ်ပျက်သူဌေး အိတ်ကပ်ထဲက
ဒေါ်လာတစ်သန်းကို
မင်းရေးကဗျာတစ်ပုဒ်လောက်မှ
ငါတန်ဖိုးမထားနိုင်ဘူး သူငယ်ချင်း

ငါကတော့ရန်ကုန်ကိုချစ်တယ်
ငါ့သူငယ်ချင်းကဗျာဆရာကိုချစ်တယ်…

ငါ့ကတော့ရန်ကုန်မှာမွေး
ရန်ကုန်မှာကြီးလို့…
ရန်ကုန်အပေါ်မှာသံယောဇဉ်ကြီးတယ်
သူငယ်ချင်း

ရန်ကုန်ကအာရှမှာ အလှဆုံးမြို့ဖြစ်ခဲ့ဖူးတယ်
စိမ်းညို့ညို့ရန်ကုန်တက္ကသိုလ်ကြီးက
အာရှရဲ့အတော်ဆုံး ဦးခေါင်းတွေထုတ်လုပ်ဖူးတယ်
ရန်ကုန်က အရှေ့တောင်အာရှမှာ
ကိုလိုနီစနစ်က အစောဆုံးလွတ်လပ်ခဲ့ဖူးတယ်

ရန်ကုန်မှာ
အရဲရင့်ဆုံးသူရဲကောင်းတွေရဲ့
အာဇာနည်ကုန်းလည်းရှိတယ်
ကဗျာဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့
အုတ်ဂူလည်းရှိတယ်…
နှစ်ပေါင်းနှစ်ထောင့်ငါးရာကျော်လာတဲ့
ရွှေတိဂုံခြေတော်ရင်းကို
ရေနံမြေသပိတ်တပ်ကြီးလည်း
အရောက်ချီတက်လာဖူးတယ်…
အမျိုးသားပညာရေးအတွက်
ပညာတတ်လူငယ်တွေရဲ့
သပိတ်စခန်းတွေလည်း တပ်စွဲထားခဲ့ဖူးတယ်
နယ်ချဲ့တော်လှန်ရေး
ဖက်ဆစ်ဆန့်ကျင်ရေး…
လွတ်လပ်ရေးနဲ့ ဒီမိုကရေစီအတွက်
ရန်ကုန်ရဲ့ကတ္တလမ်းတွေပေါ်မှာ
သွေးညှီနံ့တွေရှိတုန်းပဲ…
ရန်ကုန်ဟာအရမ်းကြိုးစားခဲ့တာ
မင်းလည်းအသိသားနဲ့

မြို့တွေအကြောင်းပြောရင်
နှစ်ပေါင်းထောင်ချီပြောရတယ်
သူငယ်ချင်း…
အခုတော့ ဈေးကွက်စီးပွားရေးစနစ်ကျမှ
ထပြီးမျက်နှာသစ်တဲ့
စလုံးကျွန်းလေးက
ငါနေတဲ့ ရန်ကုန်ကို ရွာ လို့နှိမ်ခေါ်တာတော့
ငါရင်ထဲမှာသိပ်နာတယ်… သူငယ်ချင်း
လီကွမ်ယူတော်တာငါသိပါတယ်
ငါတို့လည်း သူ့ထက်တော့ဘယ်ညံ့ပါ့မလဲ

ခေတ်လေးတစ်ခေတ်လောက်
သုံးစားမရတာနဲ့
ငါတို့ခေတ်က လူတော်တွေက
အသက်ကလေး ဖက်နဲ့ထုပ်ပြီး
ကမ္ဘာပါတ်လည်လျှောက်ထွက်ပြေးနေရင်
ငါတို့ချစ်တဲ့ မြို့ကို ဘယ်အချိန်ကျမှ
ပြန်တည်ဆောက်ကြမှာလဲ….

ပညာတတ်လူညံ့တွေတွေးသလို
ဘ၀အဓိပ္ပါယ်ဆိုတာကို
ဘွဲ့၊ ဒီဂရီ၊ ဆာတီဖီကိတ်တွေနဲ့ရှင်းပြမှာလား
ဘ၀တန်ဖိုးဆိုတာ
ဘဏ်ငွေစာရင်း ဘယ်နှစ်ခု
ရှိတယ်ဆိုပြီးကြွားဝါမှာလား...
အဲဒီအလုပ်တွေမင်းမလုပ်ဖူးဆိုတာ
ငါယုံတယ်သူငယ်ချင်း

ငါတို့က ကဗျာဆရာလေ
ဘယ်တက္ကသိုလ်က
ပညာတတ်ကြောင်း ထောက်ခံစာလိုမှာလဲ
ငါတို့တွေဘယ်လောက်ချမ်းသာချမ်းသာ
ကဗျာရေးလို့မရတဲ့ညတွေဆို
ငါတို့အရှုံးနဲ့ဖြတ်သန်းရတာပဲ...

လူတွေကိုမားသားဘုခ်ထဲက
ဆားကစ်ပါတ်လမ်းထဲထည့်စီမံထားတဲ့
မြို့မှာ...
မင်း ကဗျာသန္ဓေသားတွေ
ခဏခဏပျက်ကျနေမှာစိုးတယ်...
ဖြစ်နိုင်ရင်မင်းငါ့ဆီပြန်လာပါ....
မနက်ဖြန်ကို အမှန်တရားနဲ့ပစ်ပေါက်ဖို့
ညစ်ပါတ်နုံချာတဲ့မြို့မှာ
ငါဆက်နေရဦးမယ်....
ငါက ဘယ်တော့မှအရှုံးနဲ့ မဆုတ်ခွာချင်ဘူး
သူငယ်ချင်း....

မိုးလှိုင်ည

6 comments:

  1. ငါတို့က ကဗျာဆရာလေ
    ဘယ်တက္ကသိုလ်က
    ပညာတတ်ကြောင်းထောက်ခံစာလိုမှာလည်း
    ငါတို့တွေဘယ်လောက်ချမ်းသာချမ်းသာ
    ကဗျာရေးလို့မရတဲ့ညတွေဆို
    ငါတို့အရှုံးနဲ့ဖြတ်သန်းရတာပဲ...


    လူတွေကိုမားသားဘုခ်ထဲက
    ဆားကစ်ပါတ်လမ်းထဲထည့်စီမံထားတဲ့
    မြို့မှာ...
    မင်း ကဗျာသန္ဒေသားတွေ
    ခဏခဏပျက်ကျနေမှာစိုးတယ်...
    ဖြစ်နိုင်ရင်မင်းငါ့ဆီပြန်လာပါ....
    မနက်ဖြန်ကို အမှန်တရားနဲ့ပစ်ပေါက်ဖို့
    ညစ်ပါတ်နုံချာတဲ့မြို့မှာ
    ငါဆက်နေရဦးမယ်....
    ငါက ဘယ်တော့မှအရှုံးနဲ့ မဆုတ်ခွာချင်ဘူး
    သူငယ်ချင်း....

    အကိုမိုးလှိုင် ကဗျာဖတ်တာပါ။ ညီအကြိုက်ဆုံး ၂ပိုဒ်ဆွဲထုတ်ခဲပါတယ်ဗျာ။
    အစစအဆင်ပြေပါစေ အကိုရေ :) :)

    ReplyDelete
  2. ခံတွင်းတော့ ယားနေမှာမဟုတ်ဘူး.. အဲဒီကျွန်းမှာ သူကြိုက်တဲ့
    ကွမ်းယာဝယ်လို့ ရနေတယ်။ ဗျစ်ကနဲ့တော့ လျှောက်ထွေးလို့ မရဘူးပေါ့

    ကဗျာမရူးဘဲ 3G iPhone ရူးနေတဲ့ ကိုဖြိုးတစ်ယောက်
    ဒီကဗျာဖတ်ပြီး ခံစားနိုင်ပါစေလို့း)

    ကဗျာလေးအရမ်းကောင်းတယ် မိုးလှိုင်

    ReplyDelete
  3. ကိုဖြိုးအတွက်ရေးထားတာဆိုပေမယ့် ညီတို့ လည်း ခံစားသွားတယ် အစ်ကိုရေ့ မနက်ဖြန်ကို အမှန်တရားနဲ့ပစ်ပေါက်ဖို့
    ညစ်ပါတ်နုံချာတဲ့မြို့မှာ အခွင့်ရှိရင် နေချင်ပါတယ်ဗျာ ဒါပေမယ့် ရန်ကုန်ဆိုတဲ့ မြို့ကြီးတည်ရှိတဲ့ နိုင်ငံကြီးက လူတစ်စုကြောင့် ကိုယ့်ဝမ်းတောင် ကိုယ်ရှာမစားနိုင်တော့လည်းး ပျော်ရာမှာ မနေရ တော်ရမှာနေရဆိုတာ ခံရခက်ပေါ့ဗျာ အစ်ကို့ ကိုတော့ လေးစားတယ်ဗျို့း)

    ReplyDelete
  4. ကောင်းတယ်ဗျာ။

    ဒါပဲ ပြောတော့မယ်။ :)

    ReplyDelete
  5. ဘ၀ကို အံထုတ်
    သွေးပွက်ပွက်တွေကို ကဗျာလုပ်ပြီးကာမှ
    ငါကတော့ ဆရာမလုပ်ချင်တော့ဘူး
    နှုတ်မဆက်ဘဲထွက်ခွာရတယ်ဆိုတာ
    ငါ့မျက်ရည်ငါမခိုင်လို့ အတ္တနည်းနည်းကြီးမိတာပေါ့
    ဘ၀မှာ ပြန်လာချင်တဲ့ နေရာတွေရှိတယ်
    ရန်ကုန်ဆိုတဲ့ မြို့ကြီးပြကြီးလည်းပါပေါ့
    ငါ့အမေ ငါ့အဖေ ငါ့မြေ ငါ့ရေက ငါ့ကိုမျှော်ရှာရော့မယ်
    လူတကာရူးကြတဲ့ နေရာတစ်ခုကို ဘာဖြစ်လဲ ဘာဖြစ်လဲဆိုပြီး ပြောဖို့
    ငါထွက်ခွာခဲ့ပေါ့
    နည်းနည်းတော့ကြာမယ်
    ငါ့မြေမှာ လူသားရနံ့ကလေး သင်းအလာကို
    ငါ သီချင်းဆိုရင်းစောင့်နေပေါ့
    မိုးလှိုင်ည သူငယ်ချင်း ငါ …
    (သောက်သုံးမကျတာတွေကို သိရဖို့ တစ်ခါတစ်ခါတော့လည်း သောက်သုံးမကျတဲ့ ငါကိုယ်တိုင်ပဲ ထွက်ထွက်ကြည့်ရတယ်)
    ဟူး … လူဖြစ်နေရတာကိုက မောကြီးပမ်းကြီးရယ်နဲ့ပါကွာ

    စိတ်တော့မရှိနဲ့ သူငယ်ချင်း မင်းကဗျာဆရာဆိုတာ ငါနည်းနည်းမှ စိတ်မ၀င်စားတော့ဘူး … ငါသိတာက ငါနဲ့အတူတူ လက်ဖက်ရည်ထိုင်သောက်တတ်တဲ့ ခပ်ညံ့ညံ့လူတွေထက် နည်းနည်းကလေးသာတဲ့ ကောင်။ ငါ့မှာ လူဖြစ်ကြောင်း ဘာထောက်ခံချက်တွေမှ မပါလည်း ထမင်းနှစ်နပ်မကဘူး ရအောင်စားပြမယ်။ ဘ၀နဲ့ အလုပ်ကို လေနဲ့ဝမ်းမကွဲသလို မကွဲပြားတဲ့လူတွေ၊ ရွရွကိုထနေကြတဲ့ ရေစီးကြောင်းထဲက အမှိုက်သရိုက်လို အဖြစ်မျိုးတွေ၊ ဟိုစပ်စပ် ဒီစပ်စပ်ပါပြီး ဘာတစ်ခုမှ မည်မည်ရရ ဖျစ်ဖျစ်မြည်အောင် မညှစ်နိုင်တဲ့လူတွေရဲ့ နောက်ဆုံးနေ့ကို တစိမ့်စိမ့်ထိုင်ကြည့်မယ်။ မင်းမကျေနပ်လည်း ငါ့ကို ဒီတစ်သက်မခေါ်လည်းရတယ်။ ငါကတော့ တစ်လက်မမှ နောက်မဆုတ်ပေးတော့ဘူး။ ကြယ်တာရာစစ်ပွဲမှာလည်း ၀င်နွှဲမယ်။

    ReplyDelete
  6. အရမ်းကောင်းတဲ့ ကဗျာလို့ ပြောရင်တောင် ပေါ့သွားမှာစိုးတယ်ဗျာ။
    တကယ်ကောင်းတဲ့ ကဗျာ တပုဒ်ပါ။

    ReplyDelete

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...