Thursday, June 26, 2008

ငါ့စီးကရက်ကို မလုပါနဲ့


ဆေးသားညံ့တဲ့ စီးကရက်ဗူးမှာမှ

ဆေးလိပ်သောက်ခြင်းက ကျန်းမာရေးကို

ဆိုးရွားစွာထိခိုက်နိုင်တယ်တဲ့

စာတန်းကပြူးတူးပြဲတဲ…

မသောက်ဘဲ လွှင့်ပစ်လိုက်ဖို့က

ငါချစ်တဲ့ နီကိုတင်းတွေကိုအားနာတယ်…။

အသည်းကင်ဆာ ၊အဆုတ်ကင်ဆာ

လည်ချောင်းကင်ဆာ

သွေးကြောစီးဆင်းမှုနှေးကွေးမယ်

အမောမခံနိုင်ဘူး…

နှလုံးသွေးကြောပိတ်မယ်

စီးကရက်ကိုလူသတ်သမားလို့

စွပ်စွဲကြတာတော့ တစ်ဘက်သက်ဆန်လွန်းတယ်

စီးကရက်မသောက်တဲ့ လူတွေကောမသေတော့ဘူးလား

ကျန်းမာရေးအတွက်

လေကောင်းလေသန့်အရေးကြီးတယ်

ဟာဝိုင်ရီကမ်းခြေမှာ အိမ်ကြီးရခိုင်နဲ့

စက်မှုလုပ်ငန်းရှင်သူဌေးကြီးကပြောတယ်

သူက စီးကရက်ဆန့်ကျင်ရေးသမားတဲ့

သူ့စက်ရုံတွေက

ကာဗွန်မိုနော့ဆိုဒ်တန်ချိန်သန်းနဲ့ချီ

လေထုထဲစွန့်ပစ်ခဲ့တာထည့်ပြောမသွားဘူး…။

ဟစ်တလာက စီးကရက်မသောက်ဘူး

ဝင်စတန်ချာချီက ဆေးပြင်းလိပ်မပြတ်တမ်းဖွာတယ်

ကမ္ဘာကြီးကို ဘယ်သူကယ်တင်ခဲ့လဲ...

ခရစ်တော်ရဲ့

၁၃ယောက်မြောက်သာဝက

မာယာကော့စကီးတစ်ယောက်ကတော့

ကဗျာတစ်စရဖို့

စီးကရက်အလိပ်တစ်ရာလောက်ဖွာရတယ်လို့

အခွန်တော်မင်းနဲ့ စကားပြောခန်းမှာ

ထည့်သွင်းပြောခဲ့ဖူးတယ်…။

တစ်ခါတစ်လေတော့

ကမ္ဘာကြီးက လူပေါ်ကျော့တွေစကား

နားယောင်ပြီး

ငါ့စီးကရက်ကိုမှလာလုတယ်

ကမ္ဘာကြီးရေ

ကျွန်တော်စီးကရက်ဖြတ်မယ်…

ကျွန်တော်ဆီကတော့ကဗျာထပ်ရဖို့

မသေချာနိုင်တော့ပါ……….။

ကျွန်တော်ကို ဆေးလိပ်ဖြတ်ခိုင်းပြီး ခဏခဏပစ်ထားခဲ့တဲ့ ကောင်မဆိုးလေးတစ်ယောက်ကို ရည်ညွှန်းပါသည်။

မိုးလှိုင်ည


2 comments:

  1. ဘာပြောရမှန်းတောင် မသိတော့ဘူး
    ဒီကဗျာ အသေမိုက်တယ်.. အသေကြိုက်တယ်ဆိုတာပဲ ပြောတော့မယ်

    ကောင်မလေးက တော်တော်ဆိုးတာပဲနော်..
    ဆေးလိပ်ပြတ်သွားရင် နှလုံးသားစက်ရုံက
    ကဗျာတွေ တကယ် မထုတ်လုပ်နိုင်တော့ဘူးပေါ့
    ကောင်မလေးကိုတွေ့ရင် ဆေးလိပ်ပေးသောက်ဖို့ ပြောပေးပါ့မယ် မိုးလှိုင်ရာ..

    ဒီကဗျာအတွက် ကျေးဇူးးးးးး)

    ReplyDelete
  2. အကြိုက်တရားဆိုတာ
    လိုက်စားခွင့်ရှိတယ်၊ မိုက်မှားခွင့်ရှိတယ်
    ရွေးချယ်ခွင့်ရှိတယ်၊ ဘေးဖယ်ခွင့်ရှိတယ်
    ထွေပြားခွင့်ရှိတယ်၊ စေစားခွင့်ရှိတယ်
    ငပိနဲ့ဒန်ပေါက်
    ခမောက်နဲ့ခေါက်ထီး
    ရင်းနှီးရာခံစား
    ဒါအမှန်တရားတော့မဖြစ်နိုင်။
    (မောင်ခိုင်မာ၏ ကဗျာတပုဒ်မှ ကောက်နှုတ်ချက်)

    ReplyDelete

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...