Sunday, March 2, 2008

ဆေးရောင်စုံ ရန်ကုန်

ရင်ခုန်လွယ်ရင်တော့
ရန်ကုန် ကိုမလာနဲ့…..
ရန်ကုန်ဟာ
မျက်နှာပြင်ခြောက်ဖက်အံစာတုန်းလို
တွက်ချက်လို့မရဘူး
ရန်ကုန်ဟာအရောင်စုံတယ်
မာယာပေါတယ်….
ရင့်ကျက်တယ်…
ဘယ်သူကိုမှအတည်တကျလက်မထပ်သလို
ဘယ်သူ့ကိုအသည်းမခွဲဘူး…
ကိုယ့်ဟာကိုယ်အသည်းငယ်တတ်ရင်
ရန်ကုန်နဲ့မပက်သက်နဲ့
ရန်ကုန်ကတော့ မငဲ့ညှာတတ်ဘူး…
အရင်ကတော့ရန်ကုန်ဟာ
ဆည်းဆာထဲက အပျိုမလိုလှတပတ
အခုတော့
ရန်ကုန်ဟာ လင်ဆိုးမယားတဖားဖား
မုဆိုးတပိုင်းမိန်းမရိုင်းကြီးကိုဖြစ်လို့
ရန်ကုန်ရဲ့ဒဿနက
တုံးတိုက်တိုက်ကျားကိုက်ကိုက်
ရဲရင်မင်းဖြစ် မင်းဖြစ်ရင်မင်းခံ
ရန်ကုန်ဟာ
ဟေရာကလိုက်တပ်စ်မြစ်ကိုလည်း
အကြိမ်ကြိမ်ရေချိုးဆင်းဖြစ်တယ်…
သိုက်ဆရာအလိုအရ
ရန်ကုန်ဟာသိုက်နန်းကျတယ်..
ချမ်းသာချင်တဲ့အရူးတွေရောက်ရောက်လာပေါ့
ရန်ကုန်ဟာ
သူ့လင်သူ့သားတွေကို မလေးရှားပို့ပြစ်တယ်
ရန်ကုန်က ရန်တွေဘယ်လောက်စုံစုံရင်မခုန်ဘူးတဲ့
ဒဏ်တွေဘယ်လောက်ကြုံကြုံမဖြုံခဲ့ဘူး…

ရန်ကုန်ဟာရန်တွေကုန်တဲ့အထိ
ထောင်စုရာစုများကိုဖြတ်သန်းလာခဲ့ပြီ

မိုးလှိုင်ည

4 comments:

  1. ဒီကဗျာလေးက အစ်ကို့ကဗျာကောင်းတွေထဲက တစ်ပုဒ်ပါပဲ။ ဖတ်ရတာ အနှစ်သာရ သိပ်ရှိပါတယ်။

    ReplyDelete
  2. မိုး

    ဒီကဗျာလေး သိပ်ကောင်းတယ်နော်
    သိမ်းထားပါရစေ...အရင်လိုပဲပေါ့..

    မိုး

    ReplyDelete
  3. သိပ်ကောင်းတဲ့ကဗျာတစ်ပုဒ်ပဲ မိုးလှိုင်ရေ.. ရန်ကုန်ကို မျက်စိထဲ မြင်လာတယ်.. ပုံရိပ်တွေ အပြေးအလွှား.. ကျပ်ခဲနေတဲ့ ကားတွေ.. povery line အောက်က ဘ၀တွေကို မြင်ယောင်မိတိုင်း မောတယ်။ အခု အဲဒီအမောတွေကို ကဗျာတစ်ပုဒ်အဖြစ် ကဗျာဆရာက အသွင်ပြောင်းခဲ့ပြီပေါ့ ..

    ReplyDelete
  4. ကဗျာတွေ အားလုံးကို ကြိုက်တယ် မသက်ဆိုင်တဲ့ ကော်ဖီ တစ်ခွက်က လွဲလို့... အတ္တတွေ အချင်းချင်း မတိုက်ဆိုင်တိုင်း ၀ါးလုံးရှည်နဲ့ သိမ်းရမ်းသလိုများ ဖြစ်နေသလားပဲလို့ ခံစားမိလို့ပါ..

    ReplyDelete

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...