Pages

Thursday, November 29, 2007

လက်ဖ၀ါးတွေမှာအနွေးဓါတ်လိုတယ်

ဘယ်ဘက်လက်ဖ၀ါးအေးစက်စက်က

ညာဘက်လက်ဖ၀ါးအေးစက်စက်ကို

ဆုပ်နယ်တယ်…

လက်ဖ၀ါးတွေမှာ အနွေးဓါတ်လိုတယ်…

ဂျာကင်အိတ်ကပ်ထဲ..

လက်နှစ်ဖက်လုံးမှာအနွေးဓါတ်လိုတယ်

လက်တစ်ဖက်ကအခြားလက်တစ်ဖက်ကို

ငံ့လင့်နေသလို…

လက်ဖ၀ါးတွေမှာအနွေးဓါတ်လိုနေတယ်

လည်တိုင်ဖျားတစ်ဘက်တစ်ချက်ကို

လက်ဖ၀ါးနှစ်ဖက်လုံးပူးကပ်မိလိုက်ချိန်

လက်ဖ၀ါးတွေဟာအနွေးဓါတ်လိုတယ်…

အေးစက်စက်ဆောင်းပေါ့…

လက်ဖ၀ါးတွေမှာအနွေးဓါတ်လိုနေအောင်

လက်ဖ၀ါးတွေအချင်းချင်းနွေးထွေးတတ်အောင်

သင်ကြားလို့….

မီလင်းဖိုနားဖြန့်ကာလိုက်လည်း

လက်ဖ၀ါးတွေမှာ အနွေးဓါတ်လိုမြဲ…

လက်ဖ၀ါးတစ်ဖက်ဟာ..

အခြားလက်ဖ၀ါးတစ်ဖက်ရဲ့

အနွေးဓါတ်ကိုအမြဲလိုအပ်နေတယ်…။

လက်ဖ၀ါးတွေမှာအနွေးဓါတ်လိုတယ်…။

မိုးလှိုင်ည

Wednesday, November 28, 2007

နှလုံးသားရစ်သမ်

ညတာတိုတိုလေးကိုပဲ
အိပ်မက်ရှည်ရှည်မက်မိတယ်...
ကျွန်တော်ဟာ ကမ္ဘာကြီးအနှံ့
ခြေဆန့်ချင်ခဲတဲ့ ဂျစ်ပဆီတစ်ယောက်ပါ...
တစ်ယောက်ယောက်က ပခုံးပုတ်ပြီး
မင်းဘယ်ကလဲလို့မေးရင်
မသိဘူးလို့ပဲဖြေလိုက်မယ်...
ကျွန်တော်လွယ်အိတ်ထဲက
ပန်းချီကားတွေကိုဘယ်တော့မှ
မထုတ်ပြဘူး....
ဂရင်းဝှစ်ရွာကလေးကနေ
ပါရီညဈေးတန်းထိသွားချင်တဲ့
ခြေထောက်
လမ်းတွေဟာ အိပ်မက်တွေထက်
တိုတောင်းလွန်းတယ်....
သက္ကရ်ဇ်တွေမှာ ချစ်ခြင်းမေတ္တာကလွဲလို့
အလေးခံသယ်ပိုးသွားစရာဘာမှမရှိဘူ
ကောင်မလေးရေ...
ဆောင်းနှင်းစက်တွေကမင်းပြူတင်းတံခါးကို
ရိုက်ခတ်တဲ့အခါ...
နှင်းမြူတွေကြားမှာ..
ငါ့ရဲ့ဝိုးတ၀ါးအရိပ်က...
မင်းကိုတိတ်တိတ်လေးလက်ပြနေလိမ့်မယ်...။

မိုးလှိုင်ည

Friday, November 23, 2007

ကျွန်တော်ခုန်ချချင်တဲ့မြစ်

အန္တရာယ်ရှိသည် မ၀င်ရတဲ့

ကျွန်တော်ကလည်း

စွန့်စားရတာ ၀ါသနာပါတယ်…

အဲဒီ ဇင်ကိုလတ်ဆိုသူရဲ့အိမ်ကိုရောက်တော့

မာရေကျောရေအမှန်တရားနဲ့ ဧည့်ခံတယ်

သူ့စကားလုံးတွေက ပြတ်သားသလို

သူ့အတွင်းစိတ်ကလည်း ရိုးရှင်းတယ်

သူတို့ရဲ့သံလွင်အိပ်မက်တွေက

ကျွန်တော့်ဆီကူးစက်ခဲ့ပေါ့

ကျွန်တော်တို့အတူ အလင်းဖြူနေ့တွေကို

စောင့်မျှော်ရင်း…

အနုပညာတွေ ဝေမျှ၊ အတွေ့အကြုံတွေ ကူးလူး

လမ်းချင်းတူလို့ လူချင်းတွေ့ခဲ့ရတယ်

ကဗျာဆရာဖြစ်ပြီး…ခင်ဗျား ၀,နေတယ်လို့

ကျွန်တော်ပြောရင်… သူ တဟားဟားနဲ့ အော်ရယ်နေလိမ့်မယ်

ကျွန်တော်ခုန်ချချင်တဲ့မြစ်ကတော့

၂၈ နှစ်ခရီးကို စီးဆင်းပြီးပြီ…

နောင်နှစ်ပေါင်းများစွာပေါ့

ဟိုလိုလူတစ်ယောက်ရဲ့

အနုပညာကို တခုတ်တရခံစားရဦးမယ်

မိုးလှိုင်ည

Thursday, November 22, 2007

ထွက်ပေါက်

"သက်သေပြချက်တွေထုတ်ထုတ်မပြပါနဲ့
ဘ၀ဆိုတာ
ဂျီသြမေထရီ ပုစ္ဆာတစ်ပုဒ်မှမဟုတ်တာ။"
မင်းခိုက်စိုးစန်

“ထွက်ပေါက်ဆိုပြီးပြေးမိမှ
ဟိုဘက်ကကမ္ဘာမှာ
အ၀င်တံခါးဖြစ်နေခဲ့တယ်…”
ပန်ဒိုရာ


ထွက်ပေါက်ကနေ ထပ်ထွက်ပြေးရင် ဘယ်ကိုရောက်မယ် ထင်လဲ

ထွက်ပေါက် က အစတည်းကမရှိဘူး
နံရံတွေတည်ဆောက်မိလို့သာ
ထွက်ပေါက်ကို လိုအပ်လာတာပါ....။

တကယ်တော့ နံရံတွေပဲရှိတယ်
ကိုယ်တိုင်ဆောက်တဲ့နံရံ

ကိုယ်တိုင်ဆောက်တဲ့ နန်းတော်က
ကိုယ့်ပြန် အကျဉ်းချနေတယ်…

အနုပညာဟာ ထွက်ပေါက်တစ်ခုပါ..
စကြာဝဠာသစ်ရဲ့အ၀င်တံခါးလည်းဖြစ်နေနိုင်တာပေါ့…

မိုးလှိုင်ည

အပြာရောင်စာသားများသည် မပန်ဒိုရာ၏ စာသားများဖြစ်သည်...။

အစကအစပဲ

အစက အဆုံးရဲ့အဓိပါယ်ကိုသိနှင့်ပြီးသလို
အစက အဆုံးကိုဆုံးဖြတ်ပြီးသား
အဲဒီအစက အဆုံးကိုရောက်သွားတယ်…
အဆုံးက အစကိုပြန်မစနိုင်ဘူး
အစကသာ အစကိုပြန်စတယ်….
အဲဒီအစစအရာရာတွေက
အစအဆုံးတစ်ခုလုံးဇာတ်လမ်းကဖုံးတယ်….
အမှန်တကယ်အစအဆုံးကြားမှာ
ဇာတ်လမ်းက စလိုက်ဆုံးလိုက်
တစ်ကဒ်ပြီး တစ်ကဒ်
နံပါတ်စဉ်ထပ်ရေတယ် တစ်ကဒ်ပြီးတစ်ကဒ်
အဲဒီအစအဆုံး ဆက်စပ်နေတယ်…
အစကမဆုံးတော့ဘူး….
အစကအဆုံးခဏခဏလာတယ်
အဲဒါ အဆုံးအစမဲ့လောကကြီးပေါ့
အစကအစပဲ
ကဲပြန်စမယ်…..။

မိုးလှိုင်ည

Sunday, November 18, 2007

ကျွန်တော်ချစ်တဲ့လောကဓံဆိုး နဲ့စီးချင်းထိုးခြင်း

တစ်ခုခုကို မျော်လင့်နေတယ်ပြောရင်
မင်းကငါ့လည်ကိုဖြတ်မယ်…
ဘာကိုမှ မမျော်လင့်ဘူးဆိုရင်…
ငါရှုးနေပြီဆိုပြီးမင်းက ဟားတိုက်မယ်..
မင်းမာယာတွေလောက်တော့
ဟောဒီကဗျာဆရာက သနားတယ်
စီချင်းထိုး ပွဲတိုင်း မင်းငါရှေ့မှာ
လက်နှက်ချခဲ့ရတာ ၂၆ခါ
မင်းငါ့ကို အရှုံးပေးခဲ့ရတာ ၂၆နှစ်
မင်းကိုမင်း လောကဓံစစ်သည်လို့
နာမည်မခံနဲ့တော့
ငါကတော့ အရှုးတစ်ပိုင်းသူတော်စင်
ဒဏ်ရာကိုမှ အနုပညာနဲ့စင်ကြယ်စေနိုင်တယ်
ကမ္ဘာတစ်ခုလုံးကို ချင်ခြင်းတပ်ခဲ့တယ်
ကမ္ဘာတစ်ခုလုံးကိုပဲ စွန့်ပစ်ရဲခဲ့တယ်…
မင်းအကြမ်းဖက်ဗျူဟာနဲ့
ငါ့အပေါ်အနိုင်ယူလို့မရဘူး…
ငါ့လောကဓံဆိုးလေးရယ်…
ငါ့ကဗျာစားသားလေးကို
ကော်ဖီတစ်ခွက်လိုသောက်ပြီး
အေးအေးသက်သက်သာပြန်သွားတော့
ငါမင်းကို မေ့ပြစ်လိုက်ပြီ
မနက်ဖြန်အတွက်ငါကဗျာစပ်ရဦးမယ်…။

မိုးလှိုင်ည

Saturday, November 17, 2007

ကျွန်တော်ကမ္ဘာလောကသို့..ရောက်ရှိနေပါတယ်…။

ဂူသချိုင်းနံရံတွေလို
နာကျင်ဖွယ်အေးစက်နေတဲ့
ကွန်ကရစ်ထောင်ချောက်တစ်ခုထဲကို
အေဒီတတိယထောင်စုနှစ်အစောပိုင်းမှာရောက်ခဲ့တယ်…။

အဲဒါ
ဘင်္ဂလားပင်လယ်အော်အပေါ်ပိုင်းက
ညစ်ပတ်နုံချာတဲ့
ဆိပ်ကမ်းမြို့လေးတစ်ခုပေါ့

ကိုယ့်ကိုကိုယ် ကဗျာဆရာလို့
ကြော်ငြာလိုက်တော့

တားမြစ်ဆေးသုံးထားတဲ့ ကစားသမားလို
ဝိုင်းကျဉ်ခံလိုက်ရတယ်….

ဆက်သွယ်မှုဧရိယာတိုင်နဲ့
မဆက်သွယ်နိုင်တဲ့ ဘဝ
ချစ်ခြင်းမေတ္တာနဲ့
ယူဇနာ ၂၀၀ အကွာအဝေးမှာ….

ဖုန်းသံလေးတစ်စ
ကျွန်တော်ဆီကို လွင့်ပျံကျလာတယ်…

ဟလို…ဟလို…ကဗျာဆရာလားရှင်…

ကောင်မလေးရေ
ရာစုနှစ်တစ်ခုလုံး ကဗျာဆရာဆီ
မင်းဖုန်းက အစောဆုံးဝင်လာတယ်…

သေချာပြီ
ကျွန်တ်ာကမ္ဘာလောကကိုရောက်ရှိနေတာ…။

မိုးလှိုင်ည

Friday, November 16, 2007

ဒီဇင်ဘာနဲ့…ငါ

လေပြေကတိုးတိုးရိုးရိုးလေးပြောသွားတာပါ
ကျိုးတို့ကျဲတဲ့ဆံပင်တွေထိုးဖွရင်းလေ…

နှင်းလည်းမကြွေ မြူမဝေတဲ့
ဒီဇင်ဘာလေရဲ့ အေးမြခြင်းတွေရှုရှိုက်လို့
ငါ့ ကရူးမိုက်ဖို့အသင့်…။

ဆောင်းတွင်းကို ကသောင်းကနင်းဖြတ်ဖို့
ခပ်နွမ်းနွမ်းစောင်ပါးတစ်ထည်ရယ်
သင်ဖြူးဖျာကြမ်းတစ်ချပ်ရယ်
ငါပိုင်ဆိုင်ခဲ့ဖူးတယ်….

ဒီဇင်ဘာအချမ်းကို
ရေနွးကြမ်းတစ်ခွက်နဲ့အန်တုဖြတ်သန်းရင်း
ဘ၀ကံကြမ္မာတေးထပ်ကို
ချွေးထွက်အောင် ရေးစပ်နေသူက
ငါ….

လေပြေကတိုးတိုး ရိုးရိုးလေးပြောသွားတာပါ
အိုမင်းနေတဲ့ ငါ့အိမ်ပြူတင်းခပ်ကြမ်းကြမ်းတိုးဝှေ့ရင်း
ကျိုးတို့ကျဲတဲ့ဆံပင်တွေကိုထိုးဖွရင်းလေ…။

မိုးလှိုင်ည

ကိုဖြိုးဆီကို ဒီဇင်ဘာရောက်နေပြီဆိုလို့ ကျွန်တော်လဲလိုက်သွားကြည့်တာ
ငယ်ငယ်က ကဗျာလေးပါ ကိုယ်တိုင် အမြဲပြန်ဖတ်မိလို့ သူငယ်ချင်းတွေ
အတွက် ဝေမျှကြည့်တာပါ……

Wednesday, November 14, 2007

ပန်ဒိုရာကို ရိုက်ချိုးခြင်း

“ထွက်ပေါက်ဆိုပြီးပြေးမိမှ
ဟိုဘက်ကကမ္ဘာမှာ
အ၀င်တံခါးဖြစ်နေခဲ့တယ်…”
ဒီလို ငါပြောခဲ့တယ်
ပြောမိသမျှစကားတွေ
ကဗျာထဲ ထည့်ခွေနေမိတော့
ငါက ကဗျာကောင်ကြီး ဖြစ်ဖြစ်လာတယ်
ကဗျာကောင်ကြီးက ကဗျာတွေကိုအန်ချရမှ
နေသာထိုင်သာရှိတယ်
ကဗျာကောင်ကြီးက လိုက်လိုက်အာချောင်
ကဗျာကောင်ကြီးက လက်တစ်ဆုပ်စာဦးနှောက်နဲ့
ကဗျာကောင်ကြီးက ထိလွယ်ရှလွယ်
ကဗျာကောင်ကြီးကို ဝေးဝေးရှောင်ကြ
ငါကပေးထားချက်တွေကြားက
အသန့်ရှင်းဆုံးကစားချင်တဲ့ကောင်ပါ
ဘ၀မှာ ဘယ်နှစ်ခါ အ၀ါကဒ် အထိခံနိုင်သလဲ
တချို့က စကားလုံးတွေကိုခုတုံးလုပ်တယ်
ငါကပန်ဒိုရာကိုခုတုံးလုပ်တယ်
အသာနေစမ်းပါ့ကွယ်
ငါက အကြည်ညိုမပျက်ချင်ပါဘူး
ငါ့မော်ဒန်အကြည်ဓာတ်လည်း အပြတ်မခံနိုင်ဘူး
ငါကအနာဂတ်အပြည့်နဲ့နေထိုင်သူလေ
“ငါ့နှလုံးသွေးတို့ စီးဆင်းစေကာ
ငါ့ဝိညာဉ်ကို ဆေးကြောအံ့
အတွင်းအပ ထပ်တူကျ တည်ပါစေသတည်း”
အနုပညာ ချောက်ကမ်းပါးက
လွယ်အိတ်တစ်လုံးငိုက်စိုက်ချ
ကိုင်းညွတ်နေသော မိုးလှိုင်ည ရေ
မင်းကတော့ ပစ်ချစရာ ဖေဖော်ဝါရီ ရှိခဲ့
ငါကတော့ ငါ့ကိုယ်ငါပဲ ရိုက်ချိုးရတယ်။

ပန်ဒိုရာ

အကြမ်းဖက်သမားဆိုတာ…ငါပဲ။

တစ်ကမ္ဘာလုံး လုံခြုံရေးတွေ
အုံးအုံးကျွတ်ကျွတ်နဲ့
အကြမ်းဖက်သမားကိုလိုက်ရှာနေကြတယ်
ငါလည်းအပြေးအလွှားစဉ်းစားတာပေါ့
အကြမ်းဖက်သမားဆိုတာ … ဘယ်သူလဲ

အဲဒီအချိန်မှာပဲ
ငါ့အိတ်ကပ်ထဲက ငွေကြေးက
ငါ့ကိုပြန်ပေးဆွဲတယ်…
ငါပတ်ထားတဲ့နာရီက ငါ့ကို
အကျဉ်းချတယ်….
ငါလွယ်ထားတဲ့အိတ်က ငါ့ကို
ပြန်ထည့်သယ်သွားတယ်…
ငါစီးထားတဲ့ဖိနပ်က
ငါ့ခရီးတွေကိုသတ်ပစ်တယ်…
အဲဒီလိုနဲ့
ငါသေသွားပြီဆိုပါစို့
ငါ့နာမည်တစ်လုံးနဲ့ အုတ်ဂူဟာ
သုဘရာဇာတွေအရက်သောက်ဖို့
အကြမ်းဖက်ခံရတုန်းပဲ…
ငါယုံလို့ ရေးခဲ့တာကော
ငါကြုံလို့ရေးခဲ့တာကော
ဟောဒီ ကလောင်တစ်ချောင်း
ငါ့စာတွေဖတ်မိတဲ့ လူတွေကို
ချောင်းမြောင်းလုပ်ကြံဖို့ကြိုစားဦးမှာ
ငါ့ မှငါတွေထပ်ပြီး…
ငါကိုယ်ငါကော အခြားအရာတွေကို
အကြမ်းဖက်ခဲ့တယ်
ငါ…ဆိုတာ အကြမ်းဖက်သမားပဲ….။

မိုးလှိုင်ည

မိုးဃ်ဇော် သေတမ်းစာ

အိမ်ခေါင်းရင်းမှာ
ဖယောင်းတိုင်မီးတွေ ထွန်းပြီးရင်
ဆုပ်ကိုင်ထားတဲ့စီမံကိန်းတွေအောက်ကိုချ
ဖတ်လက်စစာအုပ်ကိုပိတ်လိုက်တော့
ကျွန်ုပ်တို့သေလို့ရပြီ…။

သေဖို့မေ့နေတာမှန်တယ်
(သေခြင်းတရားဆိုတာ ဆရာဝန်ခေါင်းခါမှ
သတိရတာမျိုး)
ကြည့်လေ မနက်ကပဲ
ဘေးကျပ်နံကျပ် ဘတ်(စ်)ကားပေါ်မှာ
ရန်တစ်ပွဲ ဖြစ်ခဲ့တယ်
ကျောက်ခေတ်ဆီ အရင်းမစိုက်ဘဲ
သဘာဝသမိုင်းပြတိုက် ရောက်ခဲ့တယ်
(လူသားမျိုးနွယ် လေ့လာဖို့ထက်
တရုတ်မလေး နားပူလို့)
ရေတိုင်ကီ အပေါက်တွေပြန်ဖာ
ဆံသဆရာနဲ့ ပုဂံရာဇ၀င်ငြင်းခုံရင်း
သေဖို့တောင်တော်တော် ပျင်းလာရဲ့။

ငါ့သွေးကြော နံရံတစ်ပြင်လုံး
အင်ဂျင် အပူဆုံးအချိန်ဟာ
နွားနို့ပုံးတွေမှောက်ခဲ့တာနဲ့အမျှ
လောကကိုသြဇာသီးအမှည့်တွေပြန်ပေးဖို့
တွေးတောနေချိန်ပေါ့…။

နောက်လူတွေကြွက်တွင်းထဲ
အမှည့်ရွှမ်းဆုံး ထည့်သွင်းပေးနိုင်တာ
ဒီသြဇာပင်တွေပဲမဟုတ်လား…။

မိတ်ဆွေတို့
ခင်ဗျားတို့ မြေကြီးတစ်ခွင်မှာ
သြဇာသီးပင်တွေစိုက်ပျိုးကြ
အာသာပြေ သြဇာသီးတွေ စားကြ
ဇောချွေးတွေကိုတော့ဖိုင်တွဲထားကြ
ကျွန်တော့်ဘာသာစကားဟာ
ဘယ်လိုအသံနေအသံထားနဲ့ဆိုဆို
သက်ပြင်းတွေကိုကျေးဇူးတင်ကြောင်း
ပြောဖို့
သြဇာသီးတွေစိတ်ချလက်ချသီးဖို့
ပြီးတော့
ဟောသည်ပေါ့ဆမှုရဲ့သားကို
ရယ်မောသံများနဲ့ သဂြိုလ်ဖို့။

မိုဃ်းဇော်

Tuesday, November 13, 2007

မိုး

တစ်ချိန်က
ကျွန်တော်ဟာ
မေမေ့ရင်ခွင်ကြားက
တိမ်ပြာလေးတစ်စပါ...
အဲဒီတုန်းက
ကောင်းကင်ဟာ
အမြဲလှခဲ့တယ်
အခု လေနှင်ရာ
အလျားရှည်ခဲ့တိုင်း
ရာသီဟာမုန်တိုင်းချည်းပဲမို့
မေမေ့တိမ်ပြာလေးညိုမွဲခဲ့ရပြီ
ကောင်းကင်ကြီးကလှတယ်လို့
ဘယ်သူမှမပြောကြတော့ဘူး...အမေ
သားကိုယ်တိုင်ထစ်ချုန်းခဲ့ရ
ရွှဲရွှဲစိုညတွေကိုသိမ်းဆည်းပြီး....
ရာသီတံခါးကိုခေါက်လိုက်တော့
အမေ့ဆီမှာတော့ကောင်းကင်ဟာလှမြဲပါ...။

(ယုံတမ်းစကားတွေ အကြောင်းစဉ်းစားရင်း ဒီကဗျာလေးဆီရောက်ခဲ့တာပါ မိုးချစ်သူနှစ်သက်လိမ့်မယ်ထင်လို့....)

မိုးလှိုင်ည

Saturday, November 10, 2007

သူမကိုကျွန်တော်ကြောက်သည်

လူတို့သည်ဘုန်းတန်ခိုးကြီး၏
အမျက်ဒေါသကြီး၏
အလိုရမ္မက်ကြီး၏
လက်လေးဖက်၊ ခြေလေးဖက်၊
ဦးခေါင်းနှစ်လုံး၊လိင်အင်္ဂါနှစ်ခုနှင့်
ထိုသူတို့သည်…
နတ်ပြည်သို့တိုက်ခိုက်ရန်ကြံစည်နေဘိ
ထိုသူတို့အားနတ်လက်နှက်နှင့်
တိုက်ခိုက်ချေမှုန်းပစ်လိုက်ပါက
နတ်တို့အားကိုးကွယ်သူမဲ့ချေအံ့
ထိုကြောင့်လူတို့အား
လက်နှစ်ဖက်၊ခြေနှစ်ဖက်၊
ဦးခေါင်းတစ်လုံးထက်ခြမ်းဝက်၍
သူ၊သူမခွဲခြမ်းစေဟု
ဇုနတ်မင်းကြီးကဆုံးဖြတ်ခဲ့သည်။
(ဂရိဒဏ္ဍာရီ)

လူတို့သည်မိမိ၏ပျောက်နေသောအခြမ်း
ကိုရှာဖွေရင်း….
သူဟူသော ကျွန်တော်သည် သူမကိုရှာရင်း..

ဘုရားသခင်သည်
လူယောကျာင်္းသည်တစ်ဦးတည်းမနေကောင်း
သူ၏အထောက်အမကိုဖန်ဆင်းဦးမည်ဟု
အကြံရှိတော်မူလေသည်
ထိုကြောင့်လူကိုကြီးစွာသောအိပ်ခြင်းဖြင့်
အိပ်စက်စေ၍
နံရိုးတစ်ချောင်းအားထုတ်ယူပြီးလျှင်
အသားတို့စေ့စပ်၍လူမိန်းမအားဖြစ်ပေါ်စေသည်…
ထိုနေ့သည်ဆဌမမြောက်နေ့ဖြစ်သည်။
(ကမ္ဘာဦးကျမ်း)
မိမိ၏နံရိုးတစ်ချောင်းကို
မည်သို့သောအရပ်မှာရှာဖွေရမှန်းမသိခဲ့
သူမ ပျော်ရွှင်သောနေ့ရက်တို
အစဉ်အမြဲရရှိနိုင်ပါ့မလား…
မိမိနံရိုးအတွက်
ရင်မှနာကျင်ခြင်းတို့သည်ပိုမိုမြည်ဟီးနိုင်ခဲ့ပေသည်။

ချစ်သား
ဤသူငယ်မအတွက်ကျသော
သင်၏မျက်ရည်မြစ်အသွယ်သွယ်သည်
သမုဒ္ဒရာလေးစင်းထက်ပိုမိုများပြားခဲ့ပြီ
သံသရာအဖန်ဖန်ကျင်လည်ခြင်း၌
နာကျင်မှောင်မိုက်ခြင်းအတိကိလေသာအပေါ်
သင်သည်စွဲလန်းလောင်မြိုက်ဆဲလား….

မဖြစ်ခြင်းတရားဆီသို့
ကျွန်တော့်သူမနှင့်အတူသွားခွင့်ရချင်မိသည်…
သူမကိုကျွန်တော်ချစ်သည်…
ထိုသို့သော ကိလေသာအားဖြစ်စေသော
ထိုသူမကိုပဲကြောက်ခြင်းတရားနှင့်မြတ်နိုးမိဆဲ….။

မိုးလှိုင်ည

Friday, November 9, 2007

လွယ်အိတ်ထဲမှာ

ကမ္ဘာကြီးကို
လွယ်အိတ်တစ်လုံးနဲ့ တူတယ်လို့
တစ်ယောက်ယောက်က
ဘာဖြစ်လို့ ပြောမထားခဲ့ရတာလဲ…။

ဘာကိုမှထည့်မထားတဲ့လွယ်အိတ်
တစ်လုံးဟာချိတ်ဆွဲခံထားရပြီး
မဆန့်မပြဲထည့်ခံထားရတဲ့လွယ်အိတ်
တစ်လုံးက လမ်းသလားနေတယ်…။

လွယ်အိတ်တစ်လုံးက
ထည့်သမျှသာ ပြန်ထုတ်ပေးနိုင်တယ်တဲ့
မျက်လှည့်ဆရာက
ကျွန်တော့်အိတ်ထဲက ဘာမဆိုထုတ်ပေးနိုင်တယ်
ဒါပေမယ့် ထုတ်ပေးနိုင်တာကို
ကြိုထည့်ထားရမယ် တဲ့…။

ကျွန်တော် လွယ်အိတ်တစ်လုံး မဖြစ်ချင်ခဲ့ပါ…။

ကမ္ဘကြီးတောင် အိတ်တစ်လုံးနဲ့
တူနေတဲ့နောက်မှာ
ကျွန်တော်လည်း
လွယ်အိတ်တစ်လုံးနဲ့တူတဲ့လူ ဖြစ်နေတယ်…။

အဲဒီလူကပဲ အပိုတပ်ဆင်ရသမျှ
လွယ်အိတ်တစ်လုံးကို ထပ်လွယ်ထားရတယ်
ဘာမှထည့်မထားတဲ့အိတ်တစ်လုံးကို
လွယ်ထားသူတွေ မတ်မတ်လျှောက်နိုင်ပေမယ့်
လေးလံတဲ့ ကျွန်တော့်လွယ်အိတ်ကြောင့်
ကျွန်တော်ကိုင်းညွတ်နေလေ့ရှိပါတယ်…။

ကျွန်တော့်လွယ်အိတ်ထဲမှာ
ကြေးနီရောင်မီးခြစ်တစ်လုံး
ဘယ်တော့မှဖတ်လို့မပြီးသေးတဲ့
တီအက်စ်အဲလိယော့ရဲ့ ဖုန်းဆိုးမြေ
ကဗျာဆရာ မိုယ်းဇော်ရဲ့သေတမ်းစာ
တရုတ်နိုင်ငံလုပ် ဘောပင်အစုတ်လေးချောင်း
ကမ္ဘာ့အရေးအခင်းတွေကို
မြန်မာဘာသာနဲ့ရေးထားတဲ့
ဂျာနယ်နှစ်စောင်
စိတ်ဓါတ်ကျရင် ထုတ်ဖတ်ဖို့
ဆရာဇော်ဇော်အောင်ရဲ့ နွားကျောင်းသားကဗျာစု
ကစ်ပလင်ရဲ့ If ကို မြန်မာအင်္ဂလိပ်နှစ်ဘာသာ
ဒိုင်ယာရီစာအုပ်နှစ်အုပ်
တစ်ဖက်လွတ် A4 စက္ကူအချို့
ကျွန်တော့်ကို ကိုင်းညွတ်စေတဲ့
မိဆိုးလေးစနေရဲ့စကားပြေအချို့
အဲဒီအရာတွေအားလုံး
laptop တစ်လုံးလိုချင်တဲ့ကဗျာဆရာရဲ့
ပထမဆုံးစုဆောင်းမိတဲ့
laptop အိတ်အဟောင်းကြီးထဲမှာ ပါတယ်…။

ရန်ကုန်မြို့ပလက်ဖောင်းတွေပေါ်မှာ
laptop အိတ်အဟောင်းကြီးနဲ့
ကိုင်းကိုင်းလျှောက်သွားနေသူဟာ
မိုးလှိုင်ညသာဖြစ်ပါလိမ့်မယ်…။

မိုးလှိုင်ည

Thursday, November 8, 2007

ကြယ်ရောင် အလွမ်း

အနီရောင်ပန်းတစ်ခြင်း
မင်းခြေရင်းမှာ
ချစ်ခြင်းဖြင့်တောက်ပ
ငါ အရှုံးပေးလိုက်ပါရစေ။

ပြန်မလာတော့မယ့်
ကြယ်တံခွန်တစ်ခုကိုမျော်နေမိသူ
နဂါးငွေးတန်းလိုပဲ
ယှက်ဖြာနေတဲ့အလွမ်းတွေ…

မင်းထွက်သွားခဲ့တဲ့
အလင်းနှစ်တွေကိုငါထုဆစ်ထားတယ်

ကြယ်ရောင်အစအနတွေအားလုံး
ပေါင်းစပ်ပြီး…ရက်စက်သူမကြီးဆိုတဲ့
ဟောဒီ သရဖူ
ငါရင်ဘတ်ထဲမှာလမ်းကြုံရင်လာယူပါ

ရာစုနှစ်တွေ
ငါ့ကိုမြုပ်နှံထားတဲ့မြေကြီးထဲ
မပုပ်သိုးပဲရှိနေမယ်….။

မိုးလှိုင်ည

Tuesday, November 6, 2007

မင်းကမယ့် ည

မင်းကမယ့် ညမှာ
ငါဟာထင်းတစ်စဖြစ်ဖြစ်
မင်းအလှတွေကို
ပေါ်လွင်ထင်ဟပ်စေမယ့်
အလင်းတစ်စက်ဖြစ်ဖြစ်ပေါ့
ဘာပဲဖြစ်ဖြစ်
ငါ့အချစ်ကြောင့်
ငါ့ကိုယ်ငါလောင်ကျွမ်းတောက်ပစေပြီး
အဲဒီတစ်ညမှာတော့
မင်းလှစေရမယ်…….

မိုးလှိုင်ည

Sunday, November 4, 2007

အနှစ်နှစ်ဆယ်ကြာ ကဗျာဆရာ

ခင်ဗျားရဲ့ကဗျာတွေဟာ
ကဗျာမဆန်တော့ဘူး သိရဲ့လား။

ခင်ဗျားက သစ်ရွက်လှုပ်တာမြင်ရင်
တစ်ရွက်လှုပ်ရင် တစ်ခက်လုံးနာကြ
သစ်ပင်ရဲ့ဒေါသအား မုန်တိုင်းကို ၀ပ်တွားစေမယ်လို့ ကြုံးဝါးမယ်။

ခင်ဗျားက သစ်ရွက်လှုပ်တာမြင်ရင်
အနောက်တောင်လေမိုက် ဆောင်းမှာတိုက်လို့
ရာသီဥတု ငိုက်စိုက်ကျစပြုပြီလို့ မှတ်ချက်ချမယ်။

ခင်ဗျားက သစ်ရွက်လှုပ်တာမြင်ရင်
ရေမြေမမှန် မျိုးမသန်လို့
အချိန်မတန်ခင် ကြွေလုလု ရွက်ပျိုနုတွေရယ်လို့
အံကြိတ်ကာ ခေါင်းယမ်းမယ်။

ခင်ဗျားက သစ်ရွက်လှုပ်တာမြင်ရင်
နေရောင်ခြည် နမ်းသွားတဲ့ အစိမ်းရောင်တန်း
ငှက်ငယ်ခြေရာ ဖြတ်သန်းတယ်လို့ ရေရွတ်မယ်။

ခင်ဗျားက သစ်ရွက်လှုပ်တာမြင်ရင်
လေတိုက်လို့သစ်ရွက်လှုပ်တာလား
သစ်ရွက်တွေလှုပ်လို့လေတိုက်တာလားလို့
ရှေ့နောက်ဖြစ်စဉ်သဘော ကန့်လန့်တိုက် စောကြောမယ်။

ခင်ဗျားက သစ်ရွက်လှုပ်တာမြင်ရင်
ရာသီဗီဇ လေရူးခလို့ယိမ်းယိုင်ကြတာ
သဘာဝပါလေလို့ မတုန်မလှုပ်ပြောမယ်။

သစ်ရွက်လှုပ်ခြင်းက ခင်ဗျားကို အပြစ်ကင်းစွာ မရယ်မောစေတော့
ခင်ဗျားဟာ လွန်ခဲ့တဲ့အနှစ်၂၀ ကခင်ဗျား မဟုတ်တော့ဘူး
ခင်ဗျားကဒီစနစ်ကြီးကို ပြောင်းလဲဖို့ကြိုးစားနေတုန်းမှာ
ဒီခေတ်ကြီးကခင်ဗျားကို တော်တော်ပြောင်းလဲလိုက်ပြီပဲ။

ခင်ဗျားက အကြမ်းဖက်သမား
ခင်ဗျားက ပတ်ဝန်းကျင် ထိန်းသိမ်းသူ
ခင်ဗျားက နိုင်ငံရေး အကဲဖြတ်
ခင်ဗျားက အင်ပရက်စ်ရှင်နစ်
ခင်ဗျားက ဖြစ်တည်မှုဝါဒီ
ခင်ဗျားက ဘုရားမဲ့။

ခင်ဗျားရေးတဲ့ ကဗျာတစ်ပိုဒ်တိုင်းက
မျက်နှာကိုဖြတ်ဖြတ်ရိုက်နေလို့။ ။


ပန်ဒိုရာ

ဖေဖော်ဝါရီသို့…နောက်ဆုံးကဗျာ

ခရစ်စမတ်ညမှာ
အသည်းပုံသကြားလုံးတွေ
မင်းတံခါးဝကိုရောက်ရှိရုံ
နှင်းဆီဖြူပန်းဆီးကို
မွေးနေ့ဆုတောင်းနဲ့
တစ်ယောက်ယောက်ကလာပေးရုံသက်သက်
နွေဦးရာသီပန်းချီကားလေးတွေ
မင်းသတိရနေဖို့…..
တိုက်ဆိုင်တတ်တဲ့လမ်းကလေး
၂၀ ရာစုကဖေးမှာ
ထူးအိမ်သင်သီချင်းလေးနဲ့ငါ့ကို…
ဗလင်တိုင်းဒေးအကြိုညတွေမှာ
ဂစ်တာအိုတစ်လက်ရဲ့
အလွမ်းဓါတ်ခံသီချင်းလေးတွေ
သီဆိုနေဖို့….
ကဗျာကြောင့်ဖြစ်ခဲ့တဲ့တိုနှစ်ယောက်အချစ်ကို
ကဗျာဆန်ဆန်နှလုံးသားထဲသိုဝှက်ထားဖို့
ဖေဖော်ဝါရီရေ….
ဝေးသွားတဲ့လမ်းမကိုပဲ….
အပြစ်မတင်ရက်ပါ
ဒဏ်ရာစစ်စစ်ကိုရင်ခုန်ကျေနပ်လို့
မင်းပေးတဲ့အနာတရတွေက
ငါ့ကဗျာဖြစ်ခဲ့တယ်…
အသက်ရှင်နေသမျှလေးမှာ
အချစ်စစ်ကိုရရှိဘူးလို့ငါကျေနပ်တယ်
မင်းတွဲခဲ့ဖူးတဲ့လက်ဖ၀ါးလေးနဲ့
ငါကဗျာတွေဆက်ရေးမယ်…
မင်းနာမည်မပါတော့တာကလွဲလို့ပေါ့
ကဗျာတွေရဖို့ခံစားချက်ကိုနှလုံးသား
တပ်မျှားခဲ့သူလို့
မစွပ်စွဲပါနဲ့တော့ဖေဖော်ဝါရီ….
ငါ့ဆီမှာ
မင်းချစ်တဲ့နွေဦးညတွေရှိသေးတယ်…

မိုးလှိုင်ည