Pages

Wednesday, October 31, 2007

သွေးစုပ်ဖုတ်ကောင်များသို့

ဘုန်းကြီးကိုသတ်တဲ့ လူသတ်ကောင်တွေ
ဘ၀ဆက်တိုင်း ကျဆုံးပါစေ။

စစ်ဖိနပ်တောင် မရှိတဲ့ဘဝ
ကိုယ့်အခြေအနေတော့
ကိုယ်သိကြဖို့ကောင်းတယ်။

ငရဲဆိုတာ စစ်ခေါင်းဆောင်ရဲ့ အမိန့်ထက်
ပိုကြောက်စရာ ကောင်းကြောင်း
မင်းတို့ အလောင်းတွေ မြေဘ၀ပြောင်းမှသိမယ်။

တနိုင်ငံလုံး ကောင်းစားရေး
အသက်ပေါင်း မြောက်များစွာ စတေးနေကြတယ်
ကဲ...မင်း နိုင်ငံကောင်းစားတာ မမြင်ချင်ဘူးလား။

ဟေ့...သွေးစုပ်ဖုတ်ကောင်တွေ....
လူသွေးကို စုပ်၊ လူဂုတ်ကို ချိုး
လှံစွပ်နဲ့ ထိုးပေမယ့်
အာဇာနည်မျိုး သေရိုးမရှိဘူး။

“ဘုန်းကြီးသတ်တဲ့ မိစ္ဆာတွေ
မိုးကြိုးပစ်လို့ သေပါစေ
ဘုန်းကြီးသတ်တဲ့ မိစ္ဆာတွေ
မိုးကြိုးပစ်လို့ သေပါစေ”

ဇင်ကိုလတ်

Sunday, October 28, 2007

တစ်ခုခုရေးမလို့ပါ

မနက်လင်းလာလိုက်တာ
ငါ့ကို လမ်းမပေါ်ဆွဲယူလာတဲ့အထိ
ဒီနေ့ဘာတွေလုပ်ရမလဲ…
မနေ့ကစီမံချက်ထဲမှာပိတ်မိနေတာသိတယ်။

လမ်းတစ်ဘက်ကိုဖြတ်ကူးတယ်
ဒီနားမှာအင်တာနက်ဆိုင်ရှိပေမယ့်
အိပ်မက်ထဲမှာတောင်ကော်နက်ရှင်ကမကောင်းဘူး။

လမ်းပြဆိုင်းဘုတ်တွေထောင်ထားပေမယ့်
ပိတ်ထားတဲ့လမ်းတွေကများတယ်
နံရံကိုပဲခေါင်းနဲ့ထတိုက်ပစ်ဖို့ပဲရှိတယ်။

၂၀၀၈ပြက္ခဒိန်ဝယ်မလားလို့
လှမ်းကြည့်ပြီးမှ…
ငါသက္ကဇ်ရ်တွေ မလိုချင်တော့တာသတိရတယ်။

တော်ပါပြီ
လက်ဘက်ရည်ကျစိမ့်တစ်ခွက်
ငါးဆယ်တန်စီးကရက်နှစ်လိပ်ရရင်
ငါကဗျာရေးလို့ရပြီ…
ဘာပဲဖြစ်ဖြစ်ကမ္ဘာကြီးအကြောင်းဆိုလည်းဟုတ်တယ်။

ဒီမိုကရေစီမရတဲ့နေရက်တွေဆိုလည်းဖြစ်တယ်
ငါ့ရင်ထဲက ဖေဖော်ဝါရီကို
ပိုက်ဆံပေါတဲ့ကောင်ခိုးသွားတဲ့အကြောင်းဆိုလည်း
ရေးလို့ဖြစ်တာပဲ….။

ရောဂါပဲ…
လူတွေမသေပဲ…ဘုရားသခင်သာသေဖို့ကောင်းတယ်
နိရှေးနဲ့ငါလည်း ငရဲမှာခဏခဏတွေ့တယ်
ဒီအဘိုးကြီးနဲ့ငြင်းခုံရတာအရသာအရှိဆုံးပဲ…။

မိုးလှိုင်ည

Friday, October 26, 2007

ထောင်စုနှစ်အလွမ်း

မျော်လင့်စရာမရှိရင်တောင်
မျော်လင့်ချက်ရှိသေးတယ်
အတိတ်ကိုပြန်တွေးလိုက်တာနဲ့
အလွမ်းလျင်လျင်မြန်မြန်ရောက်လာတတ်တယ်
တစ်ကယ်တော့
အဖြစ်အပျက်တွေကို
ရင်ထဲသိုဝှက်ခဲ့သူတစ်ယောက်
အေဒီနှစ်ထောင်အလွန်
တတိယထောင်စုနှစ်က
ငါ့ရင်ဘတ်ကိုမြို့ပျက်တစ်ခုလိုချေမွ
မျော်လင့်လို့မရရင်တောင်
မျော်လင့်ချက်ရှိသေးတယ်…
ဖေဖော်ဝါရီရေ
လူငယ်ဘ၀အိပ်မက်တွေအတိုင်း
ငါရင်ခုန်သံအရိုင်းဆန်ဆဲပါ

မိုးလှိုင်ည

Wednesday, October 24, 2007

မျော်လင့်ဆဲအိပ်မက်

မျော်လင့်ဆဲအိပ်မက်

ရာစုသစ်မနက်ခင်းမှာ
မေတ္တာတရားဟာနိုးထဖို့မဖြစ်နိုင်တော့ဘူးလား
လျှပ်စီကြောင်းပတ်လမ်းပေါ်မှာက
စိတ်ဓါတ်ကျနေတဲ့ကြောင်ပျင်းတွေ
မော်နီတာကိုငေးရင်းနဲ့
ခလုတ်တစ်ခုနှိပ်မိတာနဲ့အမိန့်တစ်ခုကျလာမယ်
ချစ်ခြင်းတရားနဲ့စပ်ယှက်စရာမလိုတဲ့
ဖန်ပေါင်းချောင်ထဲကသန္ဓေသားတွေ
စိတ်ရှုပ်ထွေးနေကြသလား
နယူးယောက်တံဆိပ်နဲ့တီရှပ်အောက်မှာက
ဘာကိုမှမချက်လုပ်ရသေးတဲ့
အစာအိမ်အသစ်စက်စက်တစ်လုံး
အာဖရိက ကလေးငယ်တွေရဲ့မျက်ဝန်းမှာ
ပေါင်မုန့်ဆိုတာစားစရာဟုတ်မဟုတ်
မသေချာဘူး...
မမွေးခင်ထဲကသေမိန့်ကျသလို
HIVပိုးကပါလာပြီးသား
အုတ်နံရံတိုင်းမှာကကျည်ပေါက်ရာချည်းပါပဲ
ဘေဘီလုံရှေးဟောင်းမြိုတော်ကြီးကငြီးတယ်
ရာစုသစ်ငြိမ်းချမ်းရေးဆိုတာ
အနူမြူစီမံကိန်းကိုယ်စီနဲ့
လူခန္ဓာကိုယ်ဟာချိန်ကိုက်ဗုံးတစ်လုံးဆိုရင်
ငရဲကျသွားတဲ့ကောင်းကင်ဘုံအတွက်
ငါတို့ဆုတောင်းပွဲကျင်းပရတော့မယ်...
ကမ္ဘာမြေကြီးစစ်မက်ဘေးမှကင်းဝေးပါစေ....။

မိုးလှိုင်ည

ကရာချိမှာ ဗုံးကွဲတဲ့သတင်းကြောင့် ဒီကဗျာလေးကို ပြန်တင်ဖြစ်တာပါ ကျွန်တော်တို့ မေတ္တာတရားတွေ မလုံလောက်လို့ ကမ္ဘာကြီးဟာ အကြမ်းဖက်ခံနေရဆဲပါ..ကိုယ်ချင်းစာစိတ်က ကျွန်တော်ရဲ့ဘာသာတရားပါ ဘုရားသခင်အားလုံးထက်မြင့်မြတ်ပါတယ် ....

Saturday, October 20, 2007

မဆင်မခြင်ရေးလိုက်တဲ့ကဗျာ

ဆင်ဆင်ခြင်ခြင်နေစမ်းပါကွာ
ပြောလိုက်ရင်ဆင်ခြေဆင်လက်တွေချည်းပဲ
မဆင်မခြင်နေရင်တော့ဒုက္ခရောက်လိမ့်မယ်
ယုတ္ထိဗေဒလား…လောဂျစ်လား
ထားလိုက်တော့ ဖြစ်ချင်ရာဖြစ်နေတဲ့လောကမှာ
သီအိုရီအသေတွေဆွဲထုတ်ပြမနေနဲ့
အဘိုးမဆင်ခြင်ရင်ကင်ဆာရနိုင်တယ်တဲ့
ကျွန်တော့်အဘိုးကုတဲ့ဆရာဝန်
အဘိုးအရင်သေသွားဖူးတယ်….
ဆင်ခြေဖြစ်ဖြစ်ဆင်လက်ဖြစ်ဖြစ်
ကျွန်တော်စွပ်ပြုပ်ဖြစ်အောင်လုပ်တတ်တယ်တဲ့
တရုတ်အကီးကပြောတယ်
အဲဒါပဲ
တစ်ခါတစ်ခါဘ၀ကို စွပ်ပြုပ်လုပ်သောက်တတ်ရတယ်
ဒါမှမဟုတ်စွပ်ပြုပ်ကိုဘ၀လိုသောက်တတ်ရတယ်…
ဒီကဗျာရေးပြီးရင်
ကျွန်တော်လည်းဆင်ဆင်ခြင်ခြင်နေမှဖြစ်မယ်
အခုထိတော့မဆင်မခြင်ရေးမိတာချည်းပဲ….

မိုးလှိုင်ည

ညနေ

အဝေးးးးးး
က
လွင့်မျောဆဲတိမ်တွေရဲညှို့ချက်မှာ
လူ့ဘဝ
ဒဏ်ရာတွေကိုစိတ်ဖြာတင်ဆက်ရင်း
မိုးကုတ်စက်ဝိုင်းအစွန်းမှာတွဲခိုနေတဲ့
အလင်းမှုန်တွေပါးလျ
အမှောင်တွေသိပ်သည်း တစ်ခုခုပျောက်ကွယ်ရမယ်ဆို
ငါ့ကိုယ်ငါပြန်မတွေ့ချင်တော့ဘူး
အဝေးကလွင့်မျောဆဲတိမ်တွေရဲ့ညှို့ချက်မှာ
ငါ့ညနေတွေလဲပြိုခဲ့ရတယ်

မိုးလှိုင်ည

ရှုမျော်ခင်း

အဆုံးမရှိအောင်ကျယ်ဝန်းတဲ့ အမှားထဲ
တိမ်တွေကလှလိုက်တာ
ကိုယ်မှာတရားနဲ့ဖြေရတယ်။

မောင်သိန်းဇော်

အနံ့

အပေါစားရေမွှေးနံ့ထဲက ထွက်လာသလား
မြို့ပြရဲ့ အစာချေလမ်းကြောင်းထဲကထွက်လာသလား
သူမဆီက အနံ့တစ်ခုရတယ်။

ပလက်ဖောင်းနဲ့ ဓာတ်တိုင်မှာ
အမြစ်တွယ်နေတဲ့ အနံ့
လော်လီမှုမိတ်ကပ်နဲ့
ရောစပ်ထားတဲ့အနံ့
တစ်လောကလုံးပုပ်ဟောင်နေတဲ့အနံ့။

မင်းရုပ်မင်းရည်ကလေးမှအားမနာ
ဒီလမ်းကို ဘာလို့ရွေးရတာလဲကွာ
ဒါဆိုကျွန်မ ဥက္ကာပျံတွေအကြောင်းလေ့လာချင်တယ်လေ
လေ့လာချင်တယ်ရမလား
သူမ မာနကို
သူမပိုက်ဆံအိတ်ထဲ ထည့်
ကားဟွန်းသံအတိုင်း ထွက်ခွာသွားလေရဲ့။

နှစ်ဆယ့်တစ်ရာစု
အစပ်နားက ငါသာ
ဘယ်လမ်းရွေးပြီးဘယ်အိမ်ပြန်ရမလဲ
ငါ့မှာ
ပြန်စရာလမ်း မရှိဘူး။

မိုဃ်းဇော်

Thursday, October 18, 2007

ဖျားနာနေသောစကားလုံးများ

ငြင်းဆိုပြီးသား
စကားလုံးတွေအတွက်…
အကြိမ်ကြိမ်တောင်းပန်ဖို့မလိုအပ်တော့ပါ..
လမ်းတွေကဝေးခဲ့ရင်တောင်
ဆုံခဲ့ရတဲ့အချိန်တွေကို အမှတ်ရတယ်
ကောင်မလေးရေ…
မင်းဆီမှာစပယ်တွေဝေနေအောင်ပွင့်နေပေမယ့်
ငါနေတဲ့မြို့မှာတော့မိုးခေါင်နေတာကြာပြီ
ဘ၀ပက်ကြားအက်ထဲမှာ
လရောင်နမ်းတဲ့ပန်းတွေမပွင့်တာ
သဘာဝပါကွာ….
တစွန်းတစကြာဖူးတဲ့ပုံပြင်တွေထဲမှာ
တောင်ထိပ်ပေါ်မှာရေကန်ကြီးကြီးရှိတယ်
နတ်သမီးလေးတွေနေတယ်တဲ့
ဒါပေမယ့်စွတ်စိုခွင့်မရတဲ့ယာခင်းလေးကို
ငါ့အဘိုးစိုက်ခဲ့သလို
တစ်ဘ၀လုံးရွာမလိုမိုးကိုမျော်လို့
ငါ့တီးခတ်တဲ့ဗုံသံထဲမှာ
မင်းကိုချစ်တဲ့အကြောင်းတွေပါလာတတ်တယ်..
တောင်ပေါ်မှာပျော်နေပေါ့ကောင်မလေးရေ
ငါ့ကိုမခေါ်ပါနဲ့ သိပ်အေးတဲ့ရာသီဆို
ငါဖျားနာတတ်လို့ပါ…။

မိုးလှိုင်ည

Tuesday, October 16, 2007

…အမှောင်

လမိုက်ညစကြ၀ဠာအပေါ်
မှောင်နေတဲ့
မျက်ဝန်းတွေက ပိတ်ကျခဲ့တော့
အလင်းမှာသာ နာကျင်ဖွယ်ရာ
တသီးတသန့်ကြီး
မှောင်ခဲ့ရပါသတဲ့…
မှောင် ။

တကယ်ပြိုတော့မလားကွယ်….
ညိုလက်စညည်းသံတွေ
ရင်ထဲ
ငြိမ့်ကနဲထိုးဆင်း
မှောင် ။

အကောင်းမြင်တဲ့ဘက်ကချည်း
ခိုးခိုးကြည့်နေကျ
စိတ်ကိုအနာမခံသူဟာ
ပညာရှိဆန်မယ်တဲ့
မေမေ့အိပ်မက်ဆီခဏထွက်ပြေးဖို့ပဲ…
ဒါပေမယ့်
ဒီနှလုံးသားဖောင်ကလေးက
မှောင် ။

မာရီယာရေ…
မင့်ဆီမှာ
နွေဦးကိုထွန်ရေးငင်လိုက်တော့!
ငါ့ဆီမှာက
ရှိရှိသမျှဝှက်ဖဲတွေနဲ့
တဲတဲလေးမိုးခေါ်ထားရ
မှောင် ။

မှောင်လွန်းလို့ပဲလေ
ညခမျာပက်လက်ကလေး
ညနဲ့ရောယောင်
အိပ်သွန်ဖာမှောက်
မှောင်လို့ပေါ့….
မှောင် ။
မှောင် ။ ။

ကျော်မျိုး 26.jan.00

အလုပ်ဟာအရှုပ်ပဲ

ရှုပ်ယှက်ခတ်နေတာပဲ…
ဘာတွေမှန်းလည်းမသိဘူး…
တစ်နေ့ပြီးတစ်နေ့တစ်ရက်ပြီးတစ်ရက်
မင်းကိုလွမ်းမိလိုက်တဲ့ခဏပဲ
ငါ့ဆီမှအသက်ပါတယ်..ဖေဖော်ဝါရီ။
မသိဘူးကွာ…
ငါ့ကိုဘာမှလာမပြောကြနဲ့တော့
ဖြစ်တည်မှုလည်းမသိဘူး
အိုင်တီခေတ်လည်းမသိဘူး
ကမ္ဘာပြားလည်းငါတို့ဆီမှာ
တောင်မပြိုသေးဘူး…
လွတ်လပ်ဈေးကွက်ဆိုလည်း
ငါ့ဆီမှာ ရောင်းစရာဘာမှမပါဘူး…။
ရိုးရိုးသားသားပဲ
ကမ္ဘာဦးပုံစံအရ
ဖေဖော်ဝါရီကိုချစ်တယ်
သူမနှုတ်ခမ်းသားပေါ်က
ပြင်းထန်တဲ့ကျိန်စာတွေကိုပဲနာခံတယ်။
ကမ္ဘာကြီးကိုစစ်မက်ဘေးက
ကာကွယ်ပေးမယ်ဆိုရင်
မစ္စတာအိုဘားမားကိုမဲတစ်ပြားပေးမယ်
ဘန်ကီမွန်းနဲ့ ကုလသမ္မဂ္ဂဟာ
ကမ္ဘာကြီးကို ဒီထက်နေပျော်အောင်
ဖန်တီးနိုင်မှာလား…
ကမ္ဘာကျော်တွေမှာကမတတ်နိုင်တာတွေသိပ်များတယ်။

မိုးလှိုင်ည

Saturday, October 13, 2007

လမ်းပေါ်မှာစီးတဲ့ဧရာဝတီ

ကျွန်တော် မငိုဘူး အမေ …
အခန်းတံခါးတွေကို အလုံပိတ်
မီးပွင့်တွေ အကုန်မှိတ်ပြီး
တိတ်တဆိတ် အိပ်ခဲ့ရတဲ့ညတွေမှာ ငါဘာတွေမှားခဲ့လို့လဲဆိုတဲ့ မေးခွန်းတစ်ခုနဲ့
သက်ပြင်းတွေကို မှုတ်ထုတ်နေခဲ့ရတယ် …။

-ပထမနေ့ …
မေတ္တာတရားရဲ့ပဲ့တင်သံတွေ
လမ်းမတွေပေါ်ကိုလွှမ်း
သံဃာတော်တွေခင်းနေတဲ့လမ်းဘေးမှာ
လက်အုပ်ချီ မျက်ရည်ဝဲ
ကျွန်တော့်ရဲ့ခြေထောက်တွေကို
ကြောက်စိတ်တွေက ဆွဲထားတုန်းပဲ … အမေ။

-ဒုတိယနေ့ …
မိုးထဲရေထဲ
ခြေဗလာနဲ့ မေတ္တာဝေကြတဲ့ပွဲမှာ
လူငယ်တွေ ပြည်သူတွေ
ရွှေဝါရောင်စီးကြောင်းဘေးကခြံရံ
ဧရာဝတီအသစ်တစ်ခု လမ်းပေါ်ကိုလျှံထွက်ကျ
မေမေရေ …
အဲဒီ့နေ့ကတော့
ကျွန်တော်ကိုယ်တိုင် ဧရာဝတီဖြစ်ခဲ့ရပေါ့ …။

-နောက်တစ်နေ့ …
ရိုးရိုးလေးပါပဲ … အမေ
နေရဲ့အပူကို အံတု
ညောင်းညာကိုက်ခဲမှုတွေကို မမှုတဲ့
သံဃာအာဇာနည်တို့အတွက်
အုတ်တစ်ချပ် သဲတစ်ပွင့်
ကျွန်တော် … အသေအချာကိုဖြစ်ခဲ့တယ် … အမေ။
ဗုဒ္ဓဘာသာထွန်းကားတဲ့ နိုင်ငံက
ဗုဒ္ဓဘာသာဝင်တစ်ယောက်ဖြစ်တဲ့ အမေ
ကျွန်တော်ရဲ့လုပ်ရပ်တွေအတွက်
သာဓုခေါ် ကျေနပ်နေမှာ သေချာပါတယ် …။

-ကျွန်တော့်စိတ်နဲ့ မတန်တဲ့ အချို့သောသူတွေရဲ့အကြောင်း
အမေ့ကို စာလုံးပေါင်းပြမနေတော့ပါဘူး …
အရူးတကာ့အရူးထဲမှာမှ
အဆိုးဆုံးဆိုတဲ့အာဏာရူး …
ပြီးတော့
သူ့နှုတ်မှာက အမိန့်ပေးခွင့်
သူ့လက်အောက်မှာက ငရဲနဲ့တောင်မတန်တဲ့မိစ္ဆာတွေ
သူတို့လက်ထဲမှာက လူသတ်လက်နက် …
မေမေရေ …
ဒီနိုင်ငံရဲ့အနာဂတ်
သူတို့ လက်ထဲကို ဘယ်လိုစိတ်နဲ့ ကျွန်တော်တို့အပ်ရမလဲ …။

-မေမေရေ …
ရိုက်နှက်ခံဒဏ်ရာ ဗလပွနဲ့
ပျံလွန်တော်မူခဲ့ကြရှာတဲ့
သံဃာတော်အချို့ရဲ့ ၀ိညာဉ်တွေ
ကျွန်တော့်ကို စကားလာပြောနေတယ် … `အရှေ့အရပ်၌ရှိသော
အနန္တစကြ၀ဌာ အနန္တ သတ္တ၀ါတို့
ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ
ဒေါသခပ်သိမ်း ငြိမ်းကြပါစေ
ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ
နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ …´
ငါတို့ … မေတ္တာတရားဆိုတဲ့ အလင်းနဲ့
ငြိမ်းချမ်းခြင်းကို ထွန်းညှိခဲ့ကြတယ် … တဲ့ …။
ဟုတ်တယ် … အမေ
အားလုံးဟာ
တကယ်ကို ငြိမ်းငြိမ်းချမ်းချမ်းပါပဲ …
ဒိုင်းတွေကို နံပါတ်တုတ်နဲ့ တဒုံးဒုံးတီးပြီး
ညာသံပေးချီတက်လာသံတွေ
မျက်ရည်ယိုဗုံးခွဲသံတွေ
သေနတ်ပစ်သံတွေ
အော်ဟစ်ဆဲဆိုသံတွေ
နောက် …
ကြိမ်းမောင်းရိုက်နှက်သံတွေ
အဲဒီအသံတွေ ရောက်မလာခင်အချိန်အထိ
တစ်နိုင်ငံလုံးဟာ သံဃာတော်တွေရဲ့ မေတ္တာတရားတွေနဲ့
ငြိမ်းချမ်းခြင်းအတိပြီးနေခဲ့ပါတယ် … အမေ။

-မေမေရေ …
မိစ္ဆာတို့ရဲ့ကျည်ဆံတစ်တောင့်ကို
နှလုံးသားထဲ ထိုးဖောက်ဝင်ရောက်ခွင့်ပြုလိုက်ရတဲ့
ကျောင်းသားတစ်ယောက်ရဲ့ဝိညာဉ်က
ကျွန်တော့်ကို စကားတွေလာပြောတယ် …
`သံဃာတော်တွေကို ကျွန်တော်ရှိခိုးတယ်
သံဃာတော်တွေလိုအပ်သမျှကို ကျွန်တော်လှူဒါန်းတယ်
သံဃာတော်တွေနဲ့ အတူ သတ္တ၀ါအားလုံးကို ကျွန်တော်မေတ္တာပို့တယ် …
ကျွန်တော် ဘာအမှားမှမလုပ်ခဲ့ပါဘူး …
ကျွန်တော် အဖြူစင်ဆုံးစိတ်တစ်ခုနဲ့
အလုပ်သင့်ဆုံးအလုပ်တွေကိုပဲလုပ်ခဲ့တာပါ …´ တဲ့ …။
ဟုတ်တယ် … အမေ
ကျောင်းသားတွေ လူငယ်တွေ ပြည်သူတွေ
သံဃာတော်တွေဖောက်တဲ့လမ်းနောက်ကို ပျော်လို့လျှောက်လိုက်နေတာမဟုတ်ပါဘူး
အမျိုး ဘာသာ သာသနာကို နားလည်လို့
အမှန်နဲ့ အမှားဆိုတာကို ခွဲခြားတတ်လို့
အမှန်တရားဘက်ကရပ်တည်ရမယ်ဆိုတဲ့ အသိရှိခဲ့လို့
နောက်ပြီး …
တတ်နိုင်တဲ့အားလေးတစ်ခုနဲ့
နိစ္စဓူဝ ဘ၀တွေထဲက
ဖြစ်ဖြစ်နေတဲ့
မဖြစ်သင့်တာတွေကိုလျှော့ပစ်နိုင်ဖို့
သိပ်မသေချာတဲ့ မျှော်လင့်ချက်လေး မစို့မပို့နဲ့
လမ်းပေါ်ကိုထွက်ခဲ့ကြတာပါ …
အမှားအယွင်းဆိုတာနဲ့ဝေးတဲ့ အဖြူရောင်လူငယ်လေးတွေရဲ့ ရင်ဘတ်ကို
အနီရောင်သွေးတွေလွှမ်းအောင် ပစ်ခတ်
သူတို့တွေ လုပ်ရက်ခဲ့ကြတယ် … အမေ။

-မေမေရေ …
အဲဒီတော်လှန်ရေးမှာ …
ဘုရားရင်ပြင်တော်တွေကအစ
စစ်မြေပြင်ဖြစ်ခဲ့ရတယ် …
သံဃာတော်တွေရဲ့သွေးကစလို့
ကျောင်းသားလူငယ်တွေရဲ့ သွေးအဆုံး
မိစ္ဆာတွေ မြိန်ရည်ယှက်ရည်သောက်သုံးခဲ့ကြတယ်
မေမေရေ …
အပြောင်းအလဲတစ်ခုအတွက်
အသက်ဝိညာဉ်တွေစတေးဖို့လိုအပ်တယ်တဲ့
ငြိမ်းချမ်းခြင်းအတွက်
တရားမျှတမှုအတွက်
အမှန်တရားအတွက်
ဒီထက်ပိုပြီး …
ဘယ်လောက်အထိတောင်
ထပ်ပေးဆပ်ရဦးမှာလဲဆိုတဲ့အမေး
ဖြေနိုင်သူတွေကို မေးကြည့်ပေးပါဦး မေမေ …။

မိုးပေါ်ထောင်ဖောက်ဖို့မဟုတ်တဲ့ သေနတ်တွေ
အလှပြထားတာမဟုတ်တဲ့ ၀ါးရင်းတုတ်တွေ
အဲဒါတွေထားလိုက်ပါ … မေမေ …
သေချာတာတစ်ခုကတော့
ဘယ်လောက်သတ်သတ် …
ဘယ်လောက်သေသေ …
လမ်းပေါ်က ဧရာဝတီဟာ …
ကျွန်တော်တို့ရဲ့ ရင်ဘတ်ထဲမှာ
ထာဝရစီးဆင်းနေဦးမယ်ဆိုတာပါ …။ ။

ဘုန်းမင်းဇွန်
၂၈.၀၉.၂၀၀၇ (သောကြာနေ့)

ကိုညီညီ(သံလွင်)ဆီမှကူးယူဖော်ပြပါသည်။

သွေးစွန်းခဲ့တဲ့ စက်တင်ဘာ

သံဃာ့သွေးတွေ မြေကျ
သာသနာ့အလံကို ချနင်း
စစ်အာဏာရှင်ရဲ့ ယုတ်ညံ့မှုက
သမိုင်းတစ်ခေတ်မှာ ထင်ကျန်ခဲ့ပြန်ပြီ။

ဓမ္မတေးသံတွေ ပျောက်ဆုံး
ယမ်းငွေ့တွေ လှိုင်လှိုင်ဖုံးလို့
၂၀၀၇ စက်တင်ဘာမှာ
မျက်ရည်မိုးတွေ ရွာသွန်းခဲ့ရပြီ။

သွေးဆာနေတဲ့ ရိုင်ဖယ်တွေ
ဝမ်းဟာနေတဲ့ ပြည်သူတွေ
လွတ်လပ်မှုကို ဆာလောင်နေတဲ့ လူငယ်တွေ
တရားမျှတမှုကို တောင့်တတဲ့ လူထုတွေ
ငြိမ်းချမ်းရေးကို လိုလားတဲ့ သံဃာတွေ
မတရားမှုနဲ့ ကြီးစိုးနေတဲ့ အာဏာရှင်တွေ
.............................
ဒီစက်တင်ဘာ
သွေးစွန်းခဲ့ပြီလေ။

နိုင်းနိုင်းစနေ

Friday, October 12, 2007

ဒါဟာ… ဒြာဖြစ်တယ်

သရမှာအသံရှိသလိုပေါ့
ဒြာမှာလည်းမာန်ရှိတယ်…။

အဆိပ်ရည်တွေဘယ်လောက်မျိုမျို
ပြန်အန်မထုတ်တတ်သလို
နှလုံးသားကိုဒဏ်ရာမြှားတွေစူးနစ်
သူဘယ်တော့မှမနုတ်ပစ်ဖူး…

ဒီကဗျာတွေဘာကြောင့်ရေးမိမှန်း
မသိပါဘူးတဲ့…
သူတစ်ခါတစ်ခါအဲဒီလိုညည်းတယ်…။

ကျွန်တော်ကွမ်းသွားစိုက်ဦးမယ်ဗျာ
မိုးသားတွေညှို့တက်နေတဲ့ညနေမှာ
သူထထွက်သွားခဲ့ပေါ့…။

ဒါပေမယ့်ကွမ်းပင်တွေ
ပိုးသတ်ရမယ့်အစား
သူခန္ဒာသူရှုမှတ်တယ်ဖားအောက်မှာ

ခင်ဗျားကကြည်လင်လာခဲ့တယ်
ကျွန်တော်တို့ကနွမ်းဖတ်လို့
စက်တင်ဘာ….

တစ်လလုံးလုံး
သူ့ခြေရာတွေရန်ကုန်မြို့ကိုဖုံးလို့
သူပြန်ရောက်သွားပြီ
အခါခါရောက်ခဲ့ဖူးတဲ့ကျောင်းတော်ဆီ
ကြည်ကြည်လင်လင်ပါပဲ
သရမှာအသံရှိသလို
ဒြာကအမှန်သိတယ်
ဒါကြောင့်၊ဒါဟာဒြာဖြစ်သလို
ဒါကြောင့်၊ဒါဟာဒြာဟာကဗျာဖြစ်တယ်။

မိုးလှိုင်ည
(စက်တင်ဘာအိပ်မက်ဆိုးထဲကျိုးကျွံခဲ့သူဒြာအတွက်)

သစ်ပင်ပုံဆွဲခြင်း

နေရောင်တစိုစို
ဖုန်တရွှဲရွှဲထဲ
လရောင်ကိုနားမှာပန်လို့
သစ်ပင်…။

အမြစ်ကိုစိတ်ထဲမှာမှတ်
အကိုင်းအခက်အားလုံးထောင်
ဒဏာရီပြီးတော့ ရာဇ၀င်
ရာဇာဝင်ပြီးတော့ သမိုင်း
သမိုင်းပြီးတော့….
သမိုင်းပေါ့
သစ်ပင်…။

ထို့ကြောင့် အဖြေနေရာမှာတော့
အညှောက်ထွက်လာသော
သစ်ပင်များ…။

မြင်းတို့ကိုချည်ခဲ့ရာ၊
ဗုံတို့ကိုပြုလုပ်ရာ၊
စားပွဲ၊ကုလားထိုင်တို့ကိုပြုလုပ်ရာ၊
လက်ဝါးကပ်တိုင်ပြုလုပ်ရာ၊
နောက်ဆုံး
ပဉ္စ၀ဂ္ဂီငါးပါးအားတရားဦးဟောခဲ့ရာ
သစ်ပင်များ၊သစ်သားများ၊
သစ်ပင်၊သစ်တော…။

သံချက်ရာ၊လှံချက်ရာ
ဓားထစ်ရာတွေနဲ့
အသီးတစ်မျိုးကို
ဇီးလွယ်သလို လွယ်ထားတော့တယ်…။

လက်ရှိလိပ်စာက လှည်းဦးတိုက်
လှေဦးတိုက်အရပ်၊
(သို့မဟုတ်)
မြင်းမဲ့လူနီရိုင်း၊
အစရှိသဖြင့်ပေါ့နော်။
ကမ်းစပ်တစ်ခုမှာ
ဆည်းဆာနဲ့ညကြားက အောင်သွယ်တော်ပေါ့။
သူ့စိတ်အောက်ခြေထဲငုံ့ကြည့်မိတော့ အူယားတယ်
ကိုယ့်စိတ်အောက်ခြေထဲငုံ့ကြည့်မိတော့ အသဲယားတယ်။

ဒြာ

စက်တင်ဘာ

အသက်နဲ့သိက္ခာတွေ
ခင်းထားတဲ့လမ်းမအပေါ်
မလွပ်လပ်သရွေ့
ကျန်ရစ်ရသူတွေရဲ့
မျက်ရည်နဲ့နာကျည်းစိတ်
လမ်းမတွေဟာမတိတ်ဆိတ်ဘူး
ကျိန်စာတွေဆူညံနေပေါ့
သွေးမျက်ရည်စက်တင်ဘာ
လူဆန်ကြသူတွေတိတ်တဆိတ်ငိုကြွေးရပေါ့။

မိုးလှိုင်ည