Pages

Friday, June 29, 2007

ငါမင်းကိုလွမ်းမနေဘူး

မင်းကိုလွမ်းရမှာတောင်
ပျင်းလိုက်တာ..ဖေဖော်ဝါရီရယ်
ရာစုသစ်မှာ ရှားပါးတဲ့
အလေ့ကျပေါက်ပင်တွေလို
စိတ်လေရာ…..
မြင်မြင်သမျှ ကဗျာဖွဲ့လေတော့
နောက်ဆုံးမင်းအကြောင်းတွေ
ရောက်ရောက်လာပေါ့…..
ဒါပေမယ့်ငါမလွမ်းဘူး
အချစ်ဆိုတာကိုခါးမှာချိတ်ထားတဲ့
လက်ကိုင်ဖုန်းလောက်စိတ်မ၀င်စားတဲ့
အသည်းနှလုံးဟောက်ပက်ကို
ငွေရေစက်တစ်ခုနဲ့အစားထိုးထားတဲ့
ခေတ်ပေါ်ကောင်မလေးတစ်ယောက်ကို
ကဗျာဆရာဆိုတာ
ကလေကချေတစ်မျိုးလို့ထင်မှတ်ထားတဲ့
ပတ်ဝန်းကျင်သင်ကြားချက်အရ
ငွေဆိုတာနတ်ဘုရားလို့ကိုးကွယ်ထားတဲ့
မင်းရဲ့အယူဝါဒထဲသိမ်းသွင်းမရလို့
ကဗျာဆရာကိုအောက်တန်းစားပါလို့
အလွယ်တကူမှတ်ချက်ပေးခဲ့ဖူးတဲ့
ဖေဖော်ဝါရီရေ…….
ငါမင်းကိုလွမ်းနေလျက်နဲ့
မလွမ်းဘူးလို့ပဲငြင်းလိုက်တယ်…။

မိုးလှိုင်ည

Wednesday, June 27, 2007

ဒီနေလည်းအမေက ငါ့ကိုထပ်မွေးတယ်

မနက်၆နာရီထိုးပြီ
သားရေထတော့ဆိုတော့
ငါ့မှာမက်လက်စအိပ်မက်ကြီးကိုပစ်ချလို့
မျက်နှာသစ်၊ရေချိုး
ဒီနေ့မှာဘယ်လိုရိုးသားရမလဲ
သားရဲတွေများတဲ့တောနက်ထဲ
ရန်ကုန်ဟာမှော်ဆန်နေတုန်း
ဆီဈေး၊ဆန်ဈေး၊ဒေါ်လာဈေး
ကားဈေးတွေတက်တက်သွားတယ်
လူတွေကဈေးကျလို့
ငါ့ကိုငါလည်းရောင်းမရဘူး
အိမ်ကိုလက်ဗလာနဲ့ပြန်လာတော့
အမေကငါးလေးအိုးကပ်ချက်ထားတယ်တဲ့
အဆာလွန်သင်္ဘောလေးက
အမေ့ဆိပ်ကမ်းမှာရိက္ခာအပြည့်တင်
ဆင်ခြင်မှုမဲ့အလွမ်းတွေလွှင့်ထုတ်
ဒီတစ်နေ့ဇာတ်ရုပ်ကမပီပြင်ခဲ့ပေမယ့်
အမေ့ မေတ္ခ္တာစမ်းကလေးနဲ့
အသက်ရှင်မှုကတစ်ငွေ့ငွေ့အူလို့...။

မိုးလှိုင်ည

Tuesday, June 26, 2007

ငြီးတွားခြင်း

လေယာဉ်ပျံမစီးချင်ဘူး ငှက်တစ်ကောင်ပဲ
ဖြစ်ချင်ခဲ့တာ..။
သံစဉ်တွေအများကြီးထဲကမှ
တိတ်ဆိတ်တဲ့ဂီတကိုပဲပိုမြတ်နိုးခဲ့တာ
နည်းပညာဈေးကွက်မှာတော့
နှလုံးသားပါတဲ့ရိုဘော့တွေလိုအပ်နေပြီ
လူတွေကနှလုံးသားမဲ့နေလို့
ဆေးစက်မကျသေးတဲ့ကင်းဗတ်စပေါ်က
ပကတိအရှိတရားတစ်ခုတွေရှိမိတော့
ဆိုကရေတီးရဲ့အဆိပ်ခွက်ကို
လုယက်သောက်ချင်မိတဲ့စိတ်နဲ့
အိမ်ကိုပြန်ရောက်ခဲ့ပေါ့...။

မိုးလှိုင်ည

Monday, June 25, 2007

ကျွန်တော့်ဆရာ

သူ့ဒဿတွေရဲ့စိတ်စိုက်ကွက်ထဲမှာ
ကျွန်တော်ကလေ့ကျင့်ခံကျောင်းသား
နှလုံးသားကိုသန့်သန့်စင်စင်ထားတတ်ဖို့
သူကကျွန်တော့်ကိုမျိုးပွားယူတယ်…..။
သူ့စကားလုံးတွေရဲ့ဓာတ်ပြုမှုထဲမှာ
ကျွန်တော့်အတွက်အလင်းတန်းအသစ်တွေ
အမြင်တွေကျိန်းရှလောက်အောင်
ကျွန်တော့်အတွေးအခေါ်ကခေါင်တယ်…..။
သူ့နဖူးပြင်ကျယ်ကြီးတွန့်ကွေးလာရင်
ကျွန်တော့်အတွက်ဆင်ဆင်ခြင်ခြင်နေတတ်ဖို့
မုန်တိုင်းကြိုနိမိတ်ပုံပဲ
ပြီးရင်သူ့အမြောက်ဆန်တွေအတွက်
ကျွန်တော်ခဏခဏပစ်ကွင်းလုပ်ရတယ်….။
ကျွန်တော်တို့စစ်တလင်းကအပြိုင်အဆိုင်နွဲပြီးရင်
ပန်းတွေကအရိုင်းဆန်ဆန်လှတယ်…..။
နောက်ဆုံးတော့သူ့ခံတပ်ကြီးတစ်ခုလုံး
ကျွန်တော်ကိုလက်လွှဲပြီး
ဒီတိုက်ပွဲမင်းဆက်တိုက်တဲ့…..
ကျွန်တော့်မှာကြောက်သွေးမပြရဲဘူး
သူမွေးခဲ့တဲ့သတ္တိမျိုးတွေက
ကျွန်တော့်ရင်ထဲမှာအပြည့်….။

မိုးလှိုင်ည
(ဆရာတောင်တွင်ယဉ်မင်းကြိုင်သို့ဦးညွှတ်လျှက်

Friday, June 22, 2007

အလွမ်းများရဲ့အိတ်ဖွင့်ပေးစာ

မြူခိုးတွေဝေနေတဲ့မနက်မှာ ကံ့ကော်တွေကသူရဲ့ရနံ့တွေနဲ့
နွေဦးကိုပစ်ပေါက်လိုက်တယ်…..။
ဖြည်းညင်းစွာတိုက်ခတ်လာတဲ့လေပြည်တွေရဲ့နောက်မှာတော့
ရွက်ဝါတွေလှုပ်လီလှုပ်လဲ့ပေါ့…..။
အဲဒီလိုနဲ့မကံ့ကော်ကိုသတိရခြင်းတွေသီးပွင့်လာခဲ့ပြန်ပြီ…..။

ဘယ်လိုမှသီးပွင့်ခွင့်မရခဲ့တဲ့ မကံ့ကော်နဲ့ကျွန်တော်တို့ချစ်ခြင်းကို
လွန်ခဲ့တဲ့အတိတ်တစ်ခုမှာ ကျွန်တော်တို့အတူစိုက်ပျိုးခဲ့ကြဖူးတယ်..။
ရှင်သန်လှုပ်ရှားခဲ့ဖူးတဲ့ရင်ခုန်သံကိုယ်စီနဲ့ ကျွန်တော်တို့မျက်ဝန်းတွေက
အဓိပ္ပါယ်ပြည့်စုံခဲ့တာပဲ...မကံ့ကော်။

ဘ၀ကိုဘ၀နဲ့ရင်းဝယ်ဖို့ကျွန်တော်တို့တွေလက်တွန့်ခဲ့ကြလို့
ခံစားချက်ဘေးဖယ်ပြီးလူသားပြီတဲ့ဝါဒလိုက်လျောညီထွေနေတတ်ကြတာပဲ
ဘယ်တော့မှပြန်မရနိုင်တော့မှသာ သတိရခြင်းသေတ္ပ္တာကိုမကြာခဏထုတ်
ဖွင့်ကြည့်တတ်ကြပေါ့…..။မသင်ပဲတတ်ခဲ့ရတဲ့ အသက်မကချစ်ခြင်းဆိုရင်မမြင်ပဲ
သိခဲ့ရတဲ့အသိကအလွမ်းတွေပဲရှိမှာပါ မကံ့ကော်……..။နွေဦးကတော့ဖိတ်စာမပါပဲ
ရောက်ရှိလာပြန်ပြီ…..ကျွန်တော်ကဘယ်လိုများနှင်ထုတ်ငြင်းဆန်ရက်မှာလဲ
ကျွန်တော့်ရင်ထဲမှာလည်း နှလုံးသားကိုထမ်းပိုးထားခဲ့ရတယ်လေ…..။

ရှင်သန်ခဲ့တဲ့ရာစုနှစ်တွေကဆင်ခြင်မှုတွေနဲ့အဆိပ်သင့်ခဲ့ရတယ်…..မကံ့ကော်
ဘယ်သူ့မှာတာဝန်ရှိမှန်းမသိပေမဲ့
ကျွန်တော်တို့ဆီမှာတော့အိပ်မက်တွေမရှိတော့ဘူး။
တကယ်တော့မကံ့ကော်ရယ် ချစ်ခြင်းဆိုတာကြယ်တံခွန်လိုပါပဲ……..
ခဏလေးမြင်တွေ့ရဖို့နှစ်ပေါင်းများစွာစောင့်စားခဲ့ရပြီး…….
ကိုယ်ဆီကကျော်ဖြတ်သွားတဲ့အခါ ဘယ်တော့မှပြန်မရနိုင်ဘူးဆိုတာ
သေချာနေခဲ့ပြန်ပြီ…..ကျွန်တော့်ရင်ထဲမှာတော့အလွမ်းနဲ့ရင့်မှည့်ခဲ့တဲ့
နှလုံးသားဆိုတဲ့သစ်သီးတစ်လုံး မကံ့ကော်စာသုံးဖိုအတွက်တဲ့
ချိုမချိုဆိုတာကြီုတင်မပြောပြနိုင်ပေမယ့် မကံ့ကော်အတွက်
သီးသန့်ဖြစ်ကြောင်းကိုတော့ ကျွန်တော်ဘ၀တစ်ခုလုံးကို
လောင်းကြေးထားဖို့အသင့်ပါ…….။ဇုခွဲခြမ်းပြီးကတည်းက
ကျွန်တော့်ကိုယ်တစ်ခြမ်းဟာမကံ့ကော်ဖြစ်လာတာပါ
မကံ့ကော်ရင်ထဲကိုပြန်မေးကြည့်ပါ...
နှလုံးသားထဲမှာကျွန်တော်အမည်ရှိနေလိမ့်မယ်…။

ဒါဆိုရင်သေချာသွားပြီ
အချစ်ဆိုတာထောင်ချောက်တစ်ခုသာမဟုတ်ပါစေနဲ့
ကျွန်တော်ဆီမှာနွေဦးနဲ့အတူလွမ်းနေခွင့်တွေရှိသေးတယ်………….

မိုးလှိုင်ည

Thursday, June 21, 2007

အာဇာနည်မျိုးသေရိုးမရှိ

နတ်မောက်ရွာဇာတိတဲ့
အမှန်တရားအတွက်
ဓားထက်ထက်တွေထွက်တဲ့နေရာ
သူ့ခေါင်းကခပ်မာမာ
သူ့သွေးကနီစွေးစွေး
ပြည်ထောင်စုကို သူပြန်မွေးခဲ့တယ်
နှစ်ပေါင်းငါးဆယ်ကြာပြီးတဲ့နောက်
သူပျိုးခဲ့တဲ့ အပင်ကြီးလည်း
အတွင်းလှိုက်ပိုးစားလို့
ပြိုလဲဖို့လည်းကြုံလာပြီ
ဒါပေမယ့်
မုန်တိုင်းသံကြားရင်
သူ့သွေးတွေ နိုးကြားလာပြီ
အလင်းတွေနဲ့ လမ်းပြ
ပြည်သူတွေရဲ့ တစ္ဆေအခြောက်ခံရတဲ့ ညတွေကို...။

မိုးလှိုင်ည
(ဗိုလ်ချုပ်အောင်ဆန်းနှင့်အန်တီစုအတွက်ရည်ညွှန်းပါသည်)

ဝန်ခံချက်။ ။ ခေါင်းစဉ်စာသားသည် လက်ကမ်းစာစောင်တစ်ခုမှ ကူးယူအသုံးပြုထားပါသည်။

Tuesday, June 19, 2007

တောင်တက်သမား

၆၄ နှင်းမှုန်ကြား
ငါ့သားကွလို့ ကြုံးဝါးခဲ့တဲ့ ဖေဖေအသံ
၂၀၀၄ ကျောက်တောင်တွေဆီ ပဲ့တင်ပြန်လာတော့
သား ပြုတ်ကျတော့မယ်ဖေဖေ။
အောင်ပင်သာဆိုတဲ့
ကျေးရွာသင်္ချိုင်းကလေးကနေ
မိတ္ထီလာ ကန်ရေပြင်ကို ဖြတ်သန်း
သားကို လှမ်းကြည့်လိုက်စမ်းပါ။
ဟိုအရင်
ဆိတ်ဖလူးပင်တွေကြားထဲ ဆော့ပြေး
ဖေဖေ့ရွှေရောင်အိပ်မက်ကလေးဟာ
ရှေ့တိုးမရ နောက်ဆုတ်မရ
ရုန်းမရ ကန်မရ
ခြေကုန်လက်ပန်းကျလို့
တောင်တက်လမ်းဟာ
မတ်စောက်မြင့်မားခဲ့ပါတယ်။
တောင့်ထားလိုက်
တောင့်ထားလိုက်
နောက်ထပ်ပြိုဆင်းမသွားအောင် တောင့်ထားလိုက်
အသက်အောင့်ထားရတဲ့ နေ့ရက်တွေရှည်ကြာ
လူ့ဘ၀ဆိုတာ
ဘာမှမဟုတ်ဘူး။
နယ်ချဲ့ဆန့်ကျင်ရေး
ဖက်ဆစ်တော်လှန်ရေး
တောင်ညိုဒေသ
ရိုးမတိုက်ပွဲများ
ငရဲခန်းများနဲ့ လုံးထွေးရင်း
သူဌေးသားဘ၀ကို စွန့်လွှတ်ခဲ့တဲ့ ဖေဖေဟာ
နောက်ဆုံး ခေါင်းမာမှုတစ်ခုတည်းသာ ယူဆောင်နိုင်ခဲ့ပြီး
ဒီကမ္ဘာကြီးက ထွက်ခွာမသွားခဲ့ခင်
မျိုးဆက်အပေါ် ဘယ်လောက်အထိ စာနာနိုင်ခဲ့ပါသလဲ။
ဖေဖေက “အနီ” ဆိုရင်
သားက “အပြာ”
ဖေဖေက “ကျည်ဆန်တစ်တောင့်”ဆိုရင်
သားက “သံလွင်တစ်ခက်”
ဖေဖေက “မြေပုံတစ်ချပ်”ဆိုရင်
သားက “ကဗျာတစ်ပုဒ်”
ကျဆုံးမှုတိုင်းကို ငြင်းဆန်ပြီး
ရူံးနိမ့်မှုတိုင်းကို တင်းခံခဲ့ပေမဲ့
ဟောဒီ ညနေခင်းလေးမှာတော့
သားကို ဖေဖေခွင့်လွှတ်ပေါ့
သားပြုတ်ကျတော့မယ် ဖေဖေ။ ။

မိုဃ်းဇော်
(သေတမ်းစာကဗျာစာအုပ်မှ)

Sunday, June 17, 2007

ရင်ငြိမ်း သို့မဟုတ် နှင်းဆီနက်

နှင်းဆီချင်းတူခဲ့ရင်တောင်
သူကပိုရဲရင့်တယ်
မာယာနဲ့အဆိပ်တွေအားလုံး
သူရဲ့အေးစက်စက်ရင်ထဲမှာ
အပြည့်အသိပ်...။

ဖျားယောင်းသွေးဆောင်မှုမှာ
တစ်ဖက်ကမ်းခပ်သလို
ကျိန်စာတိုက်ရက်စက်ရာမှာလည်း
မာရ်နတ်ရဲ့ သမီးတော်တစ်ပါးပဲ...။

ရင်ခွင်မုန်တိုင်းတွေအားလုံးကို
သူကြိုးကိုင်မောင်းနှင်လို့
လက်မရွံ့သားတွေနဲ့
သူရဲကောင်းတွေကိုတောင်
ဒူးထောက်ရူံးနိမ့်အောင်
သူစွမ်းဆောင်နိုင်တယ်..။

ပြီးတော့
အားလုံးကို ဟားတိုက်ပြီး
အနိုင်ယူလိုက်တယ်
အဲဒီမှာ သူကျဆုံးရတာပဲ
ချစ်ခြင်းမေတ္တာကို သူသိမသွားရှာဘူး..။

မိုးလှိုင်ည

Saturday, June 16, 2007

သိုးတွေကသိုးသားမစားချေဘူး

သိုးတွေကသိုးသားမစားဘူး
သိုးတွေက တခြားဘာအသားမှလည်းမစားဘူး
သိုးတွေဟာ မြက်ပဲစားတယ်
သိုးတွေဟာ အသားစားဖို့အတွက်
အစွယ်ထက်ထက်တွေ မပါဘူး
ရန်သူကို ပြန်တိုက်ခိုက်ဖို့
ဦးချိုနှစ်ချောင်းလည်း ပါမလာဘူး
သိုးတွေဟာ
အန္တရာယ်ကြားက ထွက်ပြေးနိုင်လောက်အောင်
သန်မာတဲ့ခြေထောက်တွေလည်း ပါမလာဘူး
သိုးတွေဟာ ရဲဝံ့သူတွေဖြစ်တယ်
ဥပုသ်စောင့်တဲ့ကျားတွေကို
သူတော်စင်ဆိုပြီး ရှိခိုးနေကြရင်
ဥပုသ်စောင့်စရာမလိုတဲ့ သိုးတွေဟာ
ဘုရားသခင်ထက် ပိုမိုမြင့်မြတ်နေလိမ့်မယ်
လူတွေကသိုးသားစားဖို့
သိုးရေခြုံဖို့ သိုးတွေကို မွေးသလို
သိုးနဲ့ဆိတ် ခွဲခြားခြင်း မခံရသေးခင်အထိ
တခြားသတ္တ၀ါတွေက သိုးမဖြစ်ချင်ကြဘူး
ဒါပေမယ့်
သိုးတွေကသိုးပဲဖြစ်ချင်နေကြတယ်
အဲဒါကြောင့်
ကမ္ဘာဦးကတည်းက သိုးတွေဟာ

ကမ္ဘာဦး ကတည်းကအတိုင်း သိုးဖြစ်နေကြတယ်။

မိုးလှိုင်ည

Tuesday, June 12, 2007

ကျော်မျိုးဘယ်မှာလဲ

မောင်ချောနွယ်နဲ့ မာယာကော့စကီး
ပြီးရင်...အနုပညာလူမိုက်လက်သစ်
ကျော်မျိုး..ဘယ်မှာလဲ
ကဗျာအတွက်ဆိုလက်ရဲဇက်ရဲ
အနာတရတွေနဲ့
နိုးထလာတတ်တဲ့ကျော်မျိုး..
ဟစ်တလာ အလည်လာတဲ့
မြန်မာပြည်အကြောင်းရေးတဲ့..ကျော်မျိုး
နှစ်ထောင့်တစ်ရာတန်နာရီတစ်လုံးကို
နှစ်ဆယ့်လေးနာရီလုံးပတ်ထာပြီး
ဘယ်တော့မှနာရီမကြည့်တဲ့ကျော်မျိုး
အရွယ်ငယ်ငယ် အချစ်ငယ်ငယ်တုန်းက
ညီမလေးအတွက် ကဗျာရေးတဲ့
သူငယ်ချင်းကျော်မျိုးရေ...
ရန်ကုန်မြို့အတွေးအခေါ်တွေနဲ့
လောကဓံရှစ်ပါးကို
ကဗျာနဲ့ခုခံနေတဲ့ မိုးလှိုင်ညတစ်ယောက်
ကျဆုံးလုနီးပြီ...
စစ်ကူပေးပါဦး...သူငယ်ချင်း...။

မိုးလှိုင်ည

သို့..ဖေဖော်ဝါရီ...၂

ငါအကြိမ်ကြိမ်ဖွဲ့ဆိုခဲ့လည်း
နီကိုရဲဝတ္ထုတွေမကြည်ပြာမဖတ်သလို
ငါ့ကဗျာတွေကိုလည်း
မင်းဖတ်မိပါ့မလားဖေဖော်ဝါရီ...
ဒါပေမယ့်
အသည်းကွဲနေတဲ့ ကဗျာဆရာအရူးတစ်ယောက်
ကိုယ့်ကိုယ်ကိုသေကြောင်းကြံစီခြင်းဆိုတဲ့သတင်း
မှုခင်းဂျာနယ်ထဲမှာမင်းဖတ်မိခဲ့ပြီး
အဲဒါ..ငါဆိုတာမင်းသိခဲ့ရင်
မင်းနဲ့အသိုင်းအ၀ိုင်းတစ်ခု
အဲဒီသတင်းကြောင့်လွတ်လွတ်လပ်လပ်ရယ်မောနိုင်ခဲ့ရင်
ဒီလူ့ဘ၀ဇာတ်ထဲ
ငါ့ရဲ့နောက်ဆုံးသရုပ်ဆောင်ချက်ကို
ငါကျေနပ်နိုင်ပါလိမ့်မယ်..
ပျော်နေရစ်ပေါ့...ဖေဖော်ဝါရီ

မိုးလှိုင်ည

Sunday, June 10, 2007

မုသားမဲ့မျက်ရည်

မာယာတွေကြုံတွေ့လာတဲ့
တစ်နေ့
အချစ်ဆိုတာရေခဲစိမ်ကော်ဖီတစ်ခွက်လို
တဖြည်းဖြည်းပေါ့ပျက်ပျက်ဖြစ်လာခဲ့..

မျော်လင့်ချက်တွေလုံးပါးပါးလာတဲ့အခါ
နာကျည်းခံပြင်းချက်တွေကနှိပ်စက်
ရိုးစင်းစွာလှည့်စားခံလိုက်ရခြင်းက
မနက်ဖြန်ကို အဓိပ္ပါယ်မဲ့စေဖို့

မာနတွေက နှလုံးသားကို
မီးထိုးထားပေမယ့်
အားလုံးရဲ့နောက်ကွယ်မှာ
ကိုယ်မျက်ရည်လွယ်ခဲ့ရတယ်
ကိုယ်သိပ်ချစ်ခဲ့တာပဲ.....


မိုးလှိုင်ည

Wednesday, June 6, 2007

အနုပညာစစ်စစ် ဘ၀အတု

သူ့မိန်းမပစ်သွားတာ
ဆယ့်ရှစ်နှစ်ရှိပြီ..။
သားနှစ်ယောက်က
ကမ္ဘာ့ရွာထဲမှာ
ပျောက်ခြင်းမလှပျောက်နေပြီး
သမီးတစ်ယောက်က
ကာရာအိုကေစင်မြင့်ပေါ်မှာ
ဘ၀ကိုအလမ္မာယ်ပြတယ်...
သူကိုယ်သူဝင့်ကြွားဖို့
တစ်စုံတစ်ရာရှာမရဘူး။
ဘ၀ကိုထိုးဖွလိုက်တိုင်း
ရွံ့ရှာဖွယ်အစအနတွေနဲ့
သူဘယ်တော့မှစိတ်တိုင်းမကျသလို
သူဘယ်တော့မှနောင်တမရဘူး
တစ်ခုပဲ
သူနဲ့မသက်ဆိုင်သူတွေက
သူနာမည်ကိုတလေးတစား
ဖတ်ရှုနေချိန်မှာ
သူကတော့အရက်ဆိုင်နံရံပေါ်က
ပါရီကဖေးကိုငေးလို့
သူအတွေးတွေက၀မ်းနည်းမှုတွေဈာပနပေါ့။

မိုးလှိုင်ည
(အနုပညာဖြင့်ရဲရင့်ကြသူမျာ

Tuesday, June 5, 2007

ကော်ဖီအသိုး

ငါ့ကော်ဖီခွက်ထဲက
ဆောင်းဥတုတစ်ခုဆွဲထုတ်လိုက်တော့
ငါ့အိမ်နီးချင်းတွေရဲ့
စွပ်ဖားပြင်သံတွေငါကြားတယ်
သူတို့ဒီအရပ်ကစွန့်ခွာတော့မယ်တဲ့
ဝံပုလွေအူသံတွေတောင်ဘက်
တောအုပ်ကနေတစ်စစီလွင့်ပျံလာခိုက်
ငါမီးလင်းဖိုနားကပ်လိုက်တယ်
ဖွင့်ထားတဲ့ကျမ်းစာအုပ်မှာတော့
ကိုယ်နဲ့သက်ဆိုင်သူကို
ကိုယ်နဲ့အမျှချစ်ပါတဲ့
မနေ့ကငါ့ခွေးလေးပီတာဆုံးခဲ့ပြီ..
မီးလင်းဖိုအလင်းရောင်က
ငါ့ခန္ဓာကိုယ်ပေါ်
ခြစ်ခြစ်တောက်လောင်ကျွမ်းလို့
အပြင်ထွက်ပြန်ရင်လည်း
တတိတိလှီးဖြတ်မယ့်အအေးဓါတ်…..
ငါကော်ဖီကိုသကြားခပ်ဖို့မေ့နေတယ်
လီနင် လည်းကော်ဖီကိုသကြားမခပ်ပဲသောက်တာ
ဒါပေမဲ့ ဒါဟာ၂၁ရာစုလေ
ကော်ဖီအသိုးတွေကိုထပ်ပြီးကြိုချက်ဖို့မလိုတော့ဘူး။


မိုးလှိုင်ည

Monday, June 4, 2007

အသက်ရှုကျင့်နေတဲ့ သစ်ပင်

ပန်းတစ်ပွင့် ကြွေရုံနဲ့
ရနံ့တွေ မပြယ်နိုင်ပေမယ့်
မျိုးစေ့တစ်စေ့တော့ လျော့ဦးမယ်။

လိပ်ပြာတစ်ကောင် သေရုံနဲ့
လိပ်ပြာတွေ မျိုးမတုံးနိုင်ပေမယ့်
ဝတ်မှုန်တစ်မှုန်တော့ ဆုံးရှုံးဦးမယ်။

သစ်ရွက်တစ်ရွက် ကြွေရုံနဲ့
သစ်တောတစ်ခုလုံး မဖြုန်းတီးနိုင်ပေမယ့်
သစ်ကိုင်းကတော့ အကျည်းတန်ဦးမယ်။

မိုးတစ်စက် ရွာချရုံနဲ့
လောကတစ်ခွင်လုံး မစိမ်းလန်းနိုင်ပေမယ့်
မြက်တစ်ပင်တော့ ရှင်သန်ဦးတယ်။

ဟောဒီက ကောင်ကို
စားမကောင်းတဲ့အသီးလို့ ဆိုခဲ့ရင်တောင်
တစ်ကြိမ်တစ်ခါတော့
ပန်းတွေနဲ့ ဝေခဲ့ဖူးပါတယ်။

လေထဲမှာ ကာဗွန်ဒိုင် အောက်ဆိုက်ဒ်တွေများတော့
ငါးတစ်ကောင်လို
ရေထဲမှာ အသက်ရှုတတ်အောင် ကျင့်ရဦးမယ်။

၉၉စနေ

Saturday, June 2, 2007

လူ

စကြ၀ဋ္ဌာအစွန်အဖျား
သူတို့နေကြတယ်
နှံစားသီးနှံအရင်းအမြစ်က
သူတို့ရှင်သန်ခြင်းဖြစ်လို့
ကမ္ဘာဆိုတဲ့ကျောက်ခဲကြီးရဲ့
ကပ်ပါးကောင်တွေ
နေနဲ့လကိုအဆောင်အယောင်လုပ်ရင်း
စကြ၀ဋ္ဌာသမိုင်းမှာ
ကြယ်ရိုင်းတွေကိုနာမည်ပေးတတ်သူတွေ
အတိတ်ကိုတူးလို့အနာဂတ်ကိုကြိုခူးတတ်သူတွေ
အင်္ဂါဂြိုလ်ကိုထွန်ယက်ရင်း ဖန်လုံအိမ်စိုက်ခင်းတွေနဲ့
ကမ္ဘ္ဘာမြေအတွက်ရိက္ခာကျင်းလုပ်မလို့ဆိုပဲ
ဟောဒီ..ဂလက်ဆီတစ်စုမှာတော့
ဒီအရာတွေကိုဘယ်သူတုနိုင်မှာလဲ
သူတို့ကလူဆိုတာလေ...........။

မိုးလှိုင်ည
(သံလွင်အိပ်မက် အမှတ်၇)
(ပျက်ကျသွားသောကိုလံဘီယာအာကာသယာဉ်အတွက်ဂုဏ်ပြုဖွဲ့ဆိုသည်)

Friday, June 1, 2007

ကျိန်စာသင့်ခဏငယ်များ

နှလုံးသားတွေရပ်တန့်သွားခဲ့တယ်

ခြေတုန်လက်တုန်နဲ့

မင်းနဲ့ဆုံမိတဲ့အချိန်လေးခဏ

ငါ့အပေါ်ကျိန်စာတွေများထားခဲ့သလား

ဖေဖော်ဝါရီ….။

သံသရာမှာမင်းအပေါ်ဝဠ်ကြွေးတွေ

ဘယ်လောက်ကျန်သေးလဲ

ကိုယ်ကိုယ်ကိုသတ်သေချင်မိအောင်

မင်းငါ့ကိုဖြားယောင်းနေတယ်

ငါဟာကဗျာတစ်ပုဒ်ပါ

မင်းငြီးငွေ့ရင်ဆွဲဆုတ်ခံရတော့မယ့်

ကဗျာ……

ခေါင်းစဉ်နဲ့စာသားက

မင်းကိုချစ်တဲ့စကားတွေပဲ

အထပ်ထပ်ရေးထားတယ်

ငါ့ကိုခပ်မြန်မြန်ဆုတ်ဖြဲပစ်လိုက်ပါ

ဖေဖော်ဝါရီ…..။

မိုးလှိုင်ည