Monday, May 28, 2007

လောင်ကျွမ်းနေတဲ့ည

ည ကမသိခဲ့ဘူး
လဆွဲအားကြောင့်
ဒီရေတက်ခဲ့သလို
အလွမ်းဆွဲအားကြောင့်
ကြယ်ရောင်လက်ခဲ့တာကို...
အခုမှတော့
ကြိုးစားမပြုံးတော့ဘူး
အသည်းကွဲသီချင်းသစ်ရဲ့
အရသာကိုယစ်မူးနေလိုက်ဖို့
ကိုယ်အဓမ္မနမ်းရှိုက်ဖူးခဲ့တဲ့
နှုတ်ခမ်းလေးက
ညတစ်ခြမ်းကိုလောင်ကျွမ်းစေလိုက်တာ...။

မိုးလှိုင်ည

Saturday, May 26, 2007

အနာတရများ

မနက်ခင်းရောက်တိုင်း
အထူးတဆန်းနိုးထလာပုံနဲ့ ရိုးရိုးသားသား
ကမ္ဘာအနှံ့အပြားကို အော်ဟစ်ခဲ့...
ဒုက္ခကိုချစ်တယ်
ဒီကောင်းကင်နိမ့်နိမ့်လေးကို ချစ်တယ်
ဒါဟာ
ကဗျာတစ်ပုဒ်ရဲ့ အဖွင့်နဲ့အပိတ်ပေါ့ ညီမလေးရယ်။

နှစ်ဆယ့်လေးနာရီတစ်ကြိမ် တရားကျဖို့
စက္ကန့်နှစ်ဆယ်လောက်ပဲ လိုအပ်သတဲ့လေ
သူကိုယ်သူ အပိုင်တွက်ချက်
ခရီးထွက်သွားသူကြီး ပြန်မလာမီ
ဒီမှာ နောက်ထပ်နှစ်ဆယ့်လေးနာရီရှိတယ်
ဘယ်သူတွေယူဦးမလဲ။

ညီမလေးရေ...
(ကိုယ့်ထွေးမေလေးရေ..)
မျော်လင့်ခြင်းကတော့ သူမဟုတ်တဲ့အတိုင်းပေါ့ကွယ်
ဆိုနေကျ နွေဦးသီချင်းမှာ
ပြီးတော့ ငါတို့ရင်အုံတွေပေါ်မှာ
စံပယ်တွေကိုပဲ တစ်ပွင့်ချင်းနမ်းလို့။

ကျော်မျိုး

အပိုင်းအစများ

မြူခိုးနဲ့ တိမ်တွေက
ငါတို့ကိုလိမ်နေတယ်
တံလျှပ်နဲ့ရေရဲ့ ထင်ယောင်မှားမှုများ
တည့်မတ်စွာလွဲချော်ခဲ့သော
အမှန်တရားများအတွက်
နှလုံးသားကို သန့်သန့်စင်စင် ထားဖို့တော့လိုလိမ့်မယ်။
သိစိတ်နဲ့မသိစိတ်ထဲက ထင်မှတ်မှားဆန္ဒစွဲတွေအတွက်
လင်းတတွေဝဲသလို
ကန္တာရအညှီအဟောက်တွေကိုမှ
တပ်မက်စိတ် တလွင့်လွင့်နဲ့
ဟင်လင်းပြင်ရဲ့ ရှိမှုမဲ့ကန့်သတ်မျဉ်းကို
ဆန့်ကျင်ဖို့အတွက်
ပရမ်းပတာကာလ ဖြစ်စဉ်ကြီးတစ်ခုလုံးကို
အစီအစဉ်ချမှတ်ရန် ကြိုးစားပေမယ့်
အားလုံးဟာ အပိုင်းအစများသာ။

မိုးလှိုင်ည

Wednesday, May 23, 2007

ကြောက်တတ်ရင်အခါခါသေ

ကိုလိုနီစစ်ပုလိပ်တွေက

မြင်းနဲ့တိုက်တုတ်နဲ့ရိုက်လို့

ကျောင်းသားခေါင်းဆောင်

ကိုအောင်ကျော်ကျဆုံးခဲ့တယ်လို့

သမိုင်းမှာအော်ကျက်ခဲ့တယ်။

အခု

မိစ္ဆာဘီလူးတွေက

သေနတ်နဲ့ပစ်၊ ၀ါးရင်းတုတ်နဲ့ရိုက်

မစင်တွင်းထဲနစ်နဲ့

ဂျပန်ခေတ်ငရဲခန်းတွေထက်

ဆိုးသွမ်းတဲ့ အတွေ့အကြုံကြား

ကျောင်းသားတွေဘယ်လောက်များ

ကျဆုံးခဲ့ရလဲ…။

မျက်စိပေါက်မှေးမှေး

ဗိုက်ရွှဲရွှဲပြည်ကြီးသားတွေက

မြန်မာပြည်မှာ စီးပွားရှာလို့ကောင်းတယ်တဲ့

အေး…မင်းတို့ပဲရှာလို့ကောင်း

ငါတို့နှမတွေက ဘီယာဆိုင်မှာသီချင်းဆို

kTvမှာအနမ်းခံလို့ ရှင်သန်ဖို့ကြိုးစားနေရချိန်မှာ

ငါတို့က တွေဝေနေလို့ရမလား…။

လိုက်ကာတွေချချထားတဲ့

ကက်စီနိုတွေကရန်ကုန်မှာ

လပ်စ်ဗီးဂတ်စ်ထက်ပိုများတယ်

ပြောတော့ဥပဒေအထက်မှာ

ဘယ်သူ့မှတက်မနေဘူးတဲ့

ငါမြင်တာကတော့

ဥပဒေရဲ့အထက်မှာခွေးတက်နေတယ်

မကျေနပ်လည်းမတတ်နိုင်ဘူး

ဆီဘန်းနီဆရာတော်သာ

သေသော်မှတည့်သြော်ကောင်းဧ။်

ဒီခေတ်ကိုကြည့်ပြီး ရေးရရင်

ဆယ်ခါပြန် သေချင်စော်နံသွားမယ်

ငါတို့မှာ

ပါးစပ်မဟရဲ၊ လက်ပန်းမပေါက်ရဲ

ကြောက်တတ်ရင် အခါခါသေပေါ့…။


မိုးလှိုင်ည

Tuesday, May 22, 2007

အဖေ

သားသမီးတွေဟာ
ကျောက်တုံးတွေဆိုရင်
သူတောင်ပေါ်ကို တွန်းတင်ခဲ့တာ ခုနှစ်လုံး
သူ့အပေါ်ပြန်ပိခဲ့တာ ခုနှစ်ခါ
ငှက်ကြောင့်
ညောင်ပင်ဟာ အသီးနဲ့ဝေးရသလို
ငွေကြောင့်
မိဘဟာ သားသမီးနဲ့ ဝေးရတယ်
ဖုန်တက်နေတဲ့ အိမ်ကလေးမှာနေပေမယ့်
နှလုံးသားဟာ တောက်ပအလင်းဖြာမြဲ
တစ်ခါတစ်ခါ
ခြောက်ကပ်ကပ်အလွမ်းနဲ့
အရပ်ရှစ်မျက်နှာရော်ရမ်းရမ်း
တစ်ခါတစ်ခါ
အထီးကျန်ခြင်းက
သွားရောဂါလို တဆစ်ဆစ်ကိုက်ခဲရင်း
မိသားစုရထားရဲ့ စက်ခေါင်းတစ်ခုဟာ
မေတ္တ္တာဝေစုကို တလူလူလွှင့်ခဲ့သလို
စကားနည်းနည်းနဲ့ တရားမြဲရင်း အိုခဲ့ပြီ
အပွင့်တုံးသစ်ပင်လို နာကျင်စိတ်နဲ့
ငါ့ပျက်ကွက်မှုတွေပါ တဲ့
ကျွန်တော်တို့ ဆင်းရဲရတာကို
အားနာစကားဆိုရှာတယ်…အဖေ။

ကိုသျှပ်(ကန့်ဘလူ)

ညခန်းမ

သိပ်အကျယ်ကြီးတော့မဟုတ်ဘူး

၁၀ပေပါတ်လည် အခန်းထဲ

စာအုပ်တွေ ပင့်ကူမျှင်တွေ ရှုပ်ထွေး

ဂီတက အပိုင်းပိုင်းပျက်ကျ

ဒဿန အကျိုးအပဲ့တွေ ပလူပျံ

လက်ခံထားရတဲ့ငါ့ကို

အစိတ်စိတ် ခွဲဖြာတော့အနတ်တ

နံရံမှာ မှိန်ဖျော့နေတဲ့ ဂစ်တာတစ်လက်

ထပ်မံဖွဲ့ဆိုဖို့ မလိုအပ်တော့ဘူး

ဆက်လက်သုံးစွဲဖို့ စကားလုံးတွေကျိုးပျက်

ကဗျာဆရာကတော့ သူလက်မထပ်ရသေးဘူးတဲ့

လိပ်စာကဒ်အဟောင်းပုံထဲမှာ

မင်းနာမည် ရှာမတွေ့တော့ဘူး

၈နှစ်မြောက် ခွဲခွာခဲ့ရတဲ့ အမှတ်တရထဲ

ယူကလစ်ပင်တွေ တန်းစီပေါက်နေတဲ့

လမ်းကလေး ပုံဆွဲထားတယ်

ညခန်းမထဲမှာ ငါတစ်ယောက်တည်း

နှစ်ပါတ်လည်။


မိုးလှိုင်ည

Sunday, May 20, 2007

ဖြစ်သင့်တာတွေဖြစ်…ဖြစ်မလာတဲ့လောက

အစက စပြောရင်

အစက စပြောတာပဲရှိမယ်

အခုငါ့ဆီမှာ မပြီးသေးဘူး

အားလုံးက စိုးရိမ်ရေမှတ်

ပြူတင်းပေါက်တွေက ဖွင့်လိုက်ပိတ်လိုက်

နေရောင်ခြည်မရဘူး

လေကောင်းလေသန့်မရဘူး

ပတ်ဝန်းကျင်က အမြဲတမ်း ရှုခင်းအတုတွေနဲ့

မွန်းကျပ်နေတုန်း

တံခါးကြီးရင် သော့ကြီးကြီးခတ်ရတယ်

ဘယ်တော့မှလည်း ဖွင့်လို့မပြီးဘူး

မနေ့ကချိန်းထားတဲ့ ကောင်မလေး

ဒီနေ့အထိ ရောက်မလာဘူး

အိုင်တီခေတ်တဲ့ (ဘာတွေဖြစ်ကုန်ပြီလဲ)

အဲဒီလိုပဲ

ကဗျာဆရာက ရေးချင်ရာရေးတယ်

အယ်ဒီတာတွေက ရွေးချင်ရာရွေးတယ်

အားလုံးပဲ တစ်လွဲတစ်ချော်

တကယ်ဆို ဖြစ်သင့်တာတွေဖြစ်…

ဖြစ်မလာတာကိုပဲ

လောကလို့ဆိုရမလား…။

မိုလှိုင်ည

Saturday, May 19, 2007

ကဗျာဆရာခရီး

ဘယ်တုန်းကမှ

သားရေစိမ်းဖိနပ်တစ်ရံကို

ဟန်ပန်ကျမစီးနိုင်ခဲ့တဲ့ခြေထောက်

ကမ္ဘာမြေပေါ်မှာ

မိုင်တစ်သောင်းလျှောက်ခဲ့တယ်တဲ့….။

ရထားတစ်စီးရဲ့ အထူးတန်း

ဘယ်လိုမှ ခြေဦးမသန်းခဲ့ဖူးတဲ့ကောင်

ထိုင်ခုံမဲ့လက်မှတ်တစ်စောင်နဲ့

ရာသီစာကုန်စိမ်းတွေလို

ကိုယ့်ကိုယ်ကိုထိုးသိပ်

နံရံတွေခေါင်းအုံးအိပ်ဖူးတယ်…।

အဲဒီလို

ဘ၀ကိုခရီးသွားတဲ့ကောင်

သံသရာကိုမကြောက် အကြံအဖန်ကိုမကြောက်

ဘ၀ကို သွန်လိုသွန် မှောက်လိုမှောက်နဲ့

စိတ်ထင်တိုင်းပြုကျင့် အတ္တတွေ ဆို့နင့်နေပုံက

သူ့ကိုယ်သူတော့ ကဗျာဆရာတဲ့….။

မိုးလှိုင်ည

အမေ့အိမ်သို့ အပြန်ခရီး

ဘ၀ခရီးရှည်မှာ

မရောက်ဖြစ်တာကြာပြီဖြစ်တဲ့

ခရီးအစကို သတိရလာတော့…।

ဟိုး..အတိတ်ဝေးဝေးမှာ

လုံခြုံအေးချမ်းတဲ့ အမေ့အိမ်ကလေးက

တည်ငြိမ်ရင့်ကျက်တဲ့အသွင်နဲ့

အမေ့ပုံရိပ်တွေ ထင်ကျန်လို့

သားတစ်ယောက်ကို ကြိုလင့်နေခဲ့….

ဘ၀ဟာ မောပန်းလာတဲ့အခါပေါ့

နှစ်ပေါင်းများစွာ ဟန်ဆောင်ခြင်းတွေက

မျက်နှာဖုံးကွာကျပြီး

အချိုကုန်သွားတဲ့ ပီကေတစ်ခုလို

ဝါးရင်းနဲ့ပဲ စိတ်ပျက်လာခဲ့ရ….

ဘ၀မှာ ဘယ်သူတွေအပြစ်ရှိလဲ….

သစ္စာမဲ့တတ်တဲ့လောကကို ကျောခိုင်းပြီး

အမေ့အိမ်ပြန်ခရီးကို သားစခဲ့ပြီ….

ကိုယ့်အပြစ်နဲ့ ကိုယ်ပေါ့အမေရယ်

ဒါပေမယ့် သားကြောက်ရွံ့မနေပါဘူး

ဆုံးရှုံးမှုတွေ၊ အလှည့်စားခံရမှုတွေကို

နာကျည်းခံပြင်းခဲ့ပေမယ့်

အမေ့ဆီမှာတော့

ဝန်ချတောင်းပန်ရုံနဲ့

ကလေးဘ၀ကို သားပြန်ရဦးမှာပါ….။

မိုးလှိုင်ည

Friday, May 18, 2007

နာရီစင်

ရပ်တန့်ခဲ့တာကြာခဲ့ပြီ

လည်ပတ်ခဲ့တာကြာခဲ့ပြီ

သေချာတာကကြာခဲ့ပြီဆိုတာပဲ

လူတွေကသူ့ကိုကြည့်ကြည့်သွားကြတယ်

လူတွေကသူ့ကိုကြည့်ကြည့်နေတုန်းပဲ

သူက ကာလကိုမဖော်ပြနိုင်ဘူး

သူကသေချာတာတစ်ခုခုမပြောပြနိုင်ဘူး။

တစ်နေ့တစ်ခြားယိုယွင်းလာမှုနဲ့

ရှေးဟောင်းပြတိုက်တစ်ခုလို

သူ့ဘ၀ကအေးစက်လို့

လူတွေကတစ်ခါတစ်လေသူကိုကြည့်တယ်

ပြုတ်ထွက်သွားခဲ့တဲ့သူ့ဘယ်ဘက်လက်တံ

ကျိုးပျက်သွားခဲ့တဲ့သူ့ညာဘက်လက်တံ

ကြိုးဝိုင်းထဲမှာသူကတိတ်တဆိတ်ရပ်လို့

တစ်ခါတစ်လေ လူတွေကခပ်ကြာခပ်ကြာကြည့်လေ

သူ့မှာအရှက်ရလေပဲ။

မိုးလှိုင်ည

သေတမ်းစာ

ငါ့ရင်ခွင်ထဲမှာမင်းအတွက်ပွင့်ခဲ့တဲ့

နှင်းဆီဖြူတစ်ပွင့်ရှိတယ်

အဲဒီနှင်းဆီဖြူကိုမင်းယူဆောင်သွားပါ

ပြီးတော့

ငါ့ရှေ့မှာဖြစ်ဖြစ်..(နောက်ကွယ်မှာဖြစ်ဖြစ်ပေါ့)

မင်းနင်းခြေဖျက်ဆီးပြစ်လိုက်ပါ။

ငါ့ရင်ထဲမှာမင်းအကြောင်းဖွဲ့ဆိုထားတဲ့

ကဗျာတစ်ပုဒ်ထွက်ပေါ်လာလိမ့်မယ်

အဲဒီနောက်

ငါသေဆုံးသွားလိမ့်မယ်

ငါ့အုတ်ဂူဘေးမှာ နှင်းဆီဖြူတွေပွင့်ဝေနေလိမ့်မယ်။

မိုးလှိုင်ည

ကျိန်စာသင့်ဝိညာဉ်

ဖေဖော်ဝါရီနတ်သမီးရေ

ငါ့ရဲ့ ဖြူစင်တဲ့ နှလုံးသားဝိညာဉ်တော်ဟာ ကျိန်စာသင့်ခဲ့ရတဲ့

လွင်ပြင်ကျယ်တစ်ခုလိုပါပဲ….

ဘာဖြစ်လို့များ မေတ္တာတရားရဲ့ နူးညံ့သိမ်မွေ့မှုအနုပညာကို

မုန်တိုင်းဆင်ဖျက်ဆီးဖို့အတွက်

ကံကြမ္မာက ယိုးမယ်ဖွဲ့ခဲ့ရတာလဲ….။

အဖြေမရတဲ့ မေးခွန်းများစွာနဲ့ပဲ ငါ မွန်းကျပ်ခဲ့ရပြန်ပြီ….။

မငိုပါနဲ့ကွယ်

ကံကြမ္မာကို တွန်းလှန်ဖို့အတွက် ဒါဟာ အင်အားတစ်ရပ်မှ မဟုတ်ပဲ

နှလုံးသားချင်း ဆက်သွယ်နားလည်ထားတဲ့

အကောင်အထည်မဲ့ ဘာသာစကားနဲ့တင်

ငါပြည့်စုံကျေနပ်ခဲ့ပါပြီ….

မင်းမျက်ရည်တစ်စက်ကြွေတိုင်း ငါ့နှလုံးသားတစ်ခါသေတယ်….

ဖေဖော်ဝါရီရယ်…သေချာပါတယ်…

ငါတို့ချစ်မေတ္တာဟာ ကြွေလွင့်သွားတဲ့ ကြယ်တစ်စင်းလိုပါပဲ

ဖြူစင်စွာတောက်ပခဲ့တယ်ဆိုတဲ့အကြောင်း

မည်သူမျှ အမှတ်မရခဲ့ရင်တောင် ငါ့ရင်ထဲမှာ ဖျောက်ဖျက်မရတဲ့

အတိတ်တစ်ခုရှိခဲ့ပါတယ်….။

မိုးလှိုင်ည

Thursday, May 17, 2007

ငှက်ဆိုးတစ်ကောင်ရဲ့မာန

အတောင်ပံရိုင်းတစ်စုံအတွက်

အစိမ်းသက်သက်ဖြစ်နေတဲ့ ကောင်းကင်ကို မော်ကြည့်ရင်း…

ငါ့အပေါ်ကို မလင်းပါနဲ့ လမင်းရယ်…

ငါဟာ ညဉ့်နက်သန်းခေါင်ကို စိုးမိုးမယ့် ငှက်ဆိုးတစ်ကောင်

ချိုသာတဲ့အသံထွက်တွေနဲ့ မလိမ်ညာတတ်ခဲ့သူမို့

အားလုံးရဲ့အယူမှာ အမင်္ဂလာလို့ ထင်မှတ်ထားကြတယ်…။

ခပ်ကြမ်းကြမ်းဖြန့်ချလိုက်တဲ့ အတောင်ပံတစ်စုံရဲ့ခတ်သံဟာ

မုန်တိုင်းဆန်နေလိမ့်မယ်…

အနိမ့်အမြင့် လောကဓံကြား

နှလုံးသားဟာအပူနဲ့ ဖိအားတွေကြောင့် မာကျောကျစ်လျစ်သွားပေမယ့်…

တန်ဖိုးတွက်စနစ်အတွက်တော့ ရတနာဖြစ်မလာခဲ့ပါဘူး…။

ဖြတ်သန်းဖူးတဲ့သမိုင်းမှာ ငါဟာ အထူးအဆန်းဖြစ်ခဲ့တယ်

အရူးမှတ်လို့ ၀ိုင်းကြည့်နေသူတွေက…ကဗျာဆရာလို့ သိသွားတဲ့အခါ…

အထင်သေးရှုံ့ချတဲ့ မျက်ဝန်းတွေကြား

ငါဘာမှားခဲ့ပါသလဲ ကမ္ဘာကြီးရေ…

ရန်ကုန်မြို့ပြရဲ့ ကွန်ကရစ်ထောင်ချောက်ထဲမှာ…

ညနေစာ မစားရသေးပဲနဲ့…

ကဗျာတစ်ပုဒ်ကို စိတ်အေးလက်အေး ရွတ်ဆိုနေနိုင်တာ

ငါတစ်ယောက်ပဲရှိတယ်လေ….။

မိုးလှိုင်ည

ဗေဒါလမ်း-၂၂

မတက်ရလျှင်တော့၊ တစ်သက်ပါ့ မခံပေါင်…တဲ့။

ကနစို တုံးတိုသစ်က၊ ကြွေးဟစ် ရန်ထောင်။

မနက်က အသေကောင်

သူတောင်မှ တက်နိုင်သေး။

ငတုံးတို ကနစိုသားပေပါ့

ချောင်းဖျားကို ခါတစ်ခေါက်

ရောက်ရမယ်လေး…တဲ့။

ဒီချောင်းမှာ ဒီတရားတဲ့

ကြားမှာပါ့ ကျူရိုးရှင်။

ကနစို တုံးပျိုလှကို၊ နားချပါ ရှင်။

ဒီချောင်းကို ၀င်မိလျှင်၊ မထင်နဲ့ တစ်ခေါက်တည်း။

တက်တုံ သက်တုံနဲ့

တက်မကုန် သက်မစဲ၊ မောလောက်အောင်ပဲ။

ဒီချောင်းမှာ ဒီတရားတဲ့

ကြားမှာပါ့ ကျူရိုးရှင်။

ကနစို တုံးပျိုလှကို၊ နားချပါ ရှင်။

ဒီချောင်းကို ၀င်မိလျှင်၊ တက်ချိန်တွင် ဆင်းနိုင်ပဲ။

ဆင်းချိန်မှာ တက်လိုလည်း၊ စောင့်ရ စမြဲ။

မနက်က တက်တဲ့ဒီ၊ မမီလိုက် လေလည်း။

ညဦးယံ ဒီပြန်တက်ပါလိမ့်

တက်စရာ ခက်ပါပဲ၊ ပန်းဗေဒါနည်း။

ဇော်ဂျီ (၁၉၆၀)

(ဆရာဇော်ဂျီရဲ့ရာပြည့်ကိုဆရာ့ကဗျာဖြင့်ပူဇော်ကန်တော့ပါသည်)

Wednesday, May 16, 2007

နှစ်ချို့ကော်ဖီ

မျော်လင့်ချက်ဆိုတာ

ရှင်သန်မှုရာစုနှစ်တွေရဲ့မောင်းနှင်အား

ခရီးသွားတွေအတွက်တော့

ဘယ်နှမြို့ဖြတ်ခဲ့ပြီလဲ။

တွန့်ကြေမွနေတဲ့လွယ်အိတ်ထဲမှာတော့

သစ်လွင်တောက်ပတဲ့အနာဂတ်တွေအပြည့်

သမိုင်းကိုခြေရာပြန်မကောက်မိချင်အောင်

အတိတ်ကမှောင်တယ်။

အဲဒီလိုနဲ့ ဒီတစ်နေ့ကိုပဲ

ကွက်ကွက်လင်းတတ်တဲ့ နေမင်းကိုလည်းမခင်ချင်

ဒီတစ်ညတည်းပဲလက်လက်ပြတတ်တဲ့

ကြယ်စင်တွေကိုလည်း

ငါ့ကော်ဖီခွက်ထဲကမြို့ပျက်တွေကိုပဲ

ဇွတ်မျိုချခဲ့မိတယ်။

မိုးလှိုင်ည (သံလွင်အိပ်မက် အမှတ်၆)

Monday, May 14, 2007

အသည်းကွဲနာရီ

ညနေငါးနာရီခွဲရင်
ငါ့စိတ်တွေ ကယောင်ချောက်ချားနဲ့
ရင်ထဲက ဒဏ်ရာဟောင်းတွေက
သိပ်သည်းဆထူထဲလို့
လမ်းတွေပေါ် လှိမ့်ထုတ်လိုက်ရမလား
ငါ့ဥခွံ့ ကျဉ်းကျဉ်းထဲက
မင်းပုံတူကို ငေးနေရမလား
အဲဒီလို ယောင်ချာချာဖြစ်ခဲ့တာ
ငါပိုင်ဆိုင်တဲ့ ညနေတိုင်းရဲ့
ငါးနာရီခွဲ……။
ညနေငါးနာရီခွဲရင် တို့နှစ်ယောက်ဆုံကြတယ်
သိမ်ကြီဈေး စီရုံအောက်မှာလား…
ဆူလေးဘုရားလမ်းပေါ်မှာလား…
လက်ရွေးစင် ကဖီးမှာလား…।
အခု အဲဒီနေရာတွေမှာ
မင်းကို ရှာမတွေ့တော့
(ဘယ်ဆီကို လွင့်နေပြီလဲ…အချစ်ရယ်)
ညနေ ငါးနာရီခွဲရင်
ငါ့ရင်ထဲမှာ မုန်တိုင်းတစ်ခု
ရာသီဥတု မကောင်းတော့ဘူး
စိတ်ဓာတ်ကျ ရောဂါနဲ့
အရက်ခွက်ထဲ ခေါင်းစိုက်ချလိုက်ရမလား
စီးကရက်တွေ ခပ်များများ ဖွာရှိုက်မိတယ်
ဒါတွေကို မင်းမကြိုက်တာ သိပေမဲ့
ငါ့ကိုလည်း မင်းမကြိုက်ဘူးလေ…။
ညနေ ငါးနာရီခွဲရင်
ငါ့အတောင်ပံတွေရဲ့ လက်ကျန်ခွန်အားနဲ့
ရန်ကုန် ကောင်းကင်ပြင်ကျယ်ထဲ
ခပ်ဝဲ၀ဲ ပျံတက်ခဲ့တယ်
မင်းကို ရှာဖို့အတွက်တဲ့
ငါ့ရင်ထဲမှာတော့ အသည်းကွဲညနေ
ငါးနာရီခွဲက လတ်လတ်ဆတ်ဆတ်ကြီး
တဒေါင်ဒေါင်မြည်လို့…..။

မိုးလှိုင်ည

Sunday, May 13, 2007

အိပ်မက်ရာသီ

အိပ်မက်ကို လိပ်စာတပ်ပြီး
မင်းဆီပို့လိုက်ပြီ။
ရည်ရွယ်တဲ့ ချစ်ခြင်းကတော့
အပြစ်ကင်းခဲ့မယ်ထင်တယ်။
မြတ်နိုးမှုက ကဗျာတစ်ပုဒ်လို
ဆူညံတိတ်ဆိတ်
မင်းခေါင်းအုံးအိပ်တဲ့ အရာဟာ
ငါ့နှလုံးသား သာဖြစ်သင့်တယ်။
မင်းနဲ့ကိုယ်ကြားမှာ စကားတစ်ခွန်းမှ မရှိလည်း
နှလုံးသားက အရာရာကြားနှင့်ပြီးပြီ။
အလွမ်းနဲ့ဖျော်စပ်ထားတဲ့ ကော်ဖီတစ်ခွက်
ကိုယ်ညတိုင်းသောက်ဖြစ်ခဲ့တယ်။
ချစ်သူရဲ့ လက်ဖ၀ါးလေးကသာ
ကိုယ်ဆွဲကိုင်ထားတဲ့ အောင်မြင်မှုဆိုရင်
ဘ၀မှာ တစ်ခြားအရာတွေ ဘာမျှမရှိလည်း
ကိုယ်မှုနေစရာ မလိုတော့ဘူး။

မိုးလှိုင်ည

Saturday, May 12, 2007

ဘဝ

နေတွေ တစ်စင်းပြီးတစ်စင်း
ကျွန်တော့်ခေါင်းပေါ်က ဖြတ်ပျံသွားကြတယ်
လမ်းမှားတဲ့မြေပုံနဲ့တော့
ကောင်းကင်မှာ လက်လက်ထနေတဲ့
ကြယ်တွေကို ရမှာမဟုတ်ဘူး
အရှုးအမှုး ထွန်ယက်ဖူးတဲ့ ကန
္တာရတစ်ခင်းကို
ရေမလောင်း ပေါင်းမသင်နဲ့
ကိုယ့်ကိုကိုယ်လည်း မပြုပြင်ချင်တော့
လမ်းဟောင်းတွေ ဗွက်ထနေလို့
ကံတရားကို အယုံအကြည်မဲ့ပေမယ့်
ဆူးခြုံတွေရှိတဲ့လမ်းက သွားရတော့မယ်
ဘ၀က အရာရာနောက်ကျပြီးသားလေ
ပန်းတိုင်ကို ပျပျလေး မြင်ရပြီးတဲ့နောက်
ဝေဒနာသိပေမဲ့ ဆေးမှားစားခဲ့မိပြန်ပြီ
ကျွမ်းတမြေ့မြေ့ တက်တခေါက်ခေါက်
အခုမှတော့ မကြောက်ပါဘူး…။

မိုးလှိုင်ည

Friday, May 11, 2007

မျှော်လင့်နေခွင့်

ကြယ်တွေကို တိုင်တည်ပြောချင်တယ်ကွာ
ဖြူစင်တဲ့ ကိုယ်ချစ်ခြင်းကို
မိုးကောင်းကင် အနှံ့အပြားက
ကြယ်စင်ဖြူလေးတွေတောင် သနားနေကြတယ်။
ချစ်သူ့မျက်နှာ တစွန်းတစကို တပ်မက်မောမိလို့
အိပ်ပျက်ညများစွာမှာ
ကိုယ့်ရဲ့အလွမ်းသင့် ခြေရာတွေက
ချစ်သူအိမ်ရှေ့ကျောက်ခင်းလမ်းလေးအပေါ်
အထပ်ထပ် ပေကျံစေခဲ့တယ်။
စာနာ နားလည်ပေးတတ်တဲ့
ရေတမာ ပင်အိုလေးကသာ
ကိုယ်အလွမ်းတွေကိုယ်စား
သစ်ရွက်တွေ ခြွေချပေးခဲ့တာ
နွေလယ်ညတွေကတော့
တစ်ဖက်သတ် ချစ်နေရသူအတွက် ကန္တာရပဲလေ။
ဝမ်းနည်းအားငယ်စွာပေါ့
တစ်ခါတစ်ခါ
ကိုယ့်ကိုကိုယ် နာကျည်းမိလိုက်တယ်။
ကိုယ်ချစ်မိသူရဲ့ ငြင်းပယ်စိမ်းကားခြင်းခံရတဲ့
နှလုံးသားလောက်
ဆုံးရှုံးနစ်နာမှုများတဲ့အရာ ဘာများရှိတော့မှာလဲ။
မိုင်တစ်သောင်းဝေးနေပါစေ
နှလုံးသားချင်းသာ နီးစပ်နေရင်
အဲဒီခရီးက အနီးလေးတဲ့
ကိုယ်တို့မှာတော့
အမိုးတစ်ခုတည်းအောက်မှာ နေရပေမဲ့
နံရံဆိုတဲ့ ခြားနားခြင်းက
ကိုယ်နှလုံးသားကို သံခြေကျင်း ခတ်ထားခဲ့တယ်
ဒီလိုနဲ့ အဆုံးတစ်နေ့ပေါ့ ချစ်သူ
သံသရာဆိုတဲ့ အကွေ့လေး မချိုးခင်အထိ
ဖြူစင်စွာ ချစ်နေခွင့် တစ်ခုကိုပဲ
မက်မောတသ တောင်းဆိုလိုက်ပါရစေ။

မိုးလှိုင်ည

ညှို့ချက်

မျက်လှည့်ပွဲထင်ပြီး
ဝင်ငေးမိတာက…အစ
အဲဒီမှာ ကိုယ့်ကိုကိုယ်
ပြန်သတိမရတော့ဘူး။
သူ့ခေါင်းစဉ်က
မီးငြိမ်းနေတဲ့ ဖရောင်းတိုင်ကို
မီးထွန်းပြဖို့တဲ့။
ကျွန်တော်သိချင်တာက
အလင်းထက် ခရီးသွားနှုန်းပိုတဲ့
ဝါကျတစ်ကြောင်း
မျက်လှည့်ဆရာ ခေါင်းလောင်းတီးတော့
ကျွန်တော် လှည့်ပြန်လာခဲ့တယ်
အိမ်ကိုတော့ မဟုတ်ဘူး
နောက်ထပ်မျက်လှည့်ပွဲ တစ်ခုဆီ…။

မိုးလှိုင်ည

Thursday, May 10, 2007

ကျေးဇူးမှတ်တမ်း

ကျွန်တော်အတွက် အစိမ်းသက်သက်
ဖြစ်နေတဲ့ ကွန်ပြူတာဘာသာရပ်ကို
အသုံးပြုခွင့်ရအောင် အစစအရာရာ ကူညီတဲ့
ကိုနေဘုန်းလတ်နဲ့
ကျွန်တော့်ကို ဘလော့ပြုလုပ်ပေးတဲ့
ခင်မင်လေးစားရသော
နိုင်းနိုင်းစနေတို့ကို ဒီ wed pageကနေ
ကျေးဇူးစကား ဆိုပါရစေ။

မိုးလှိုင်ည

Saturday, May 5, 2007

နင်မရှိတဲ့ မနက်ဖြန်

နင်နဲ့ငါနဲ့ ပြောရင်နင်ငါ့ကို
စိတ်ဆိုးနေကျ
ခမ်းခမ်းနားနား နင့်အသိုင်းအ၀ိုင်းက
ငါ့ကို အရိုင်းအစိုင်းလို့ သမုတ်တယ်
ဒါပေမဲ့ အပေအတေလေးရဲ့
စိတ်သဘောထားကို နင်အသိဆုံးပဲ
အရင်က အဲဒီစိတ်ထားလေးကို ချစ်တာလို့
နင်ပဲ အမြဲပြောခဲ့တာ
ငါကလည်း သေချာရဲ့လား
အထက်တန်းစား မမလို့ အမြဲမေးဘူးတယ်
အခုတော့ မသေချာဘူးဆိုတာ
သေချာသွားပြီ
ငါကနင့်ကို မလွမ်းဘူးဆိုတဲ့စကားကို
ငွေဝင်ဂါထာလို မိုးလင်းတိုင်းရွတ်တယ်
ဒီဘ၀တော့ နင်နဲ့ငါ လက်မထပ်ဖြစ်တဲ့
အကြောင်း နင့်သူငယ်ချင်းဟောင်းတွေနဲ့
တွေ့တိုင်းပြောမိတယ်
နင်ကအနုပညာ အတုအစစ်ကို
ခွဲခြားမသိဘူး
နာမည်ကြီးရင် ပိုက်ဆံရှိရင်
အောင်မြင်ပြီလို့ နင်တွေးတယ်
အဲဒီလိုနဲ့နင်မေးတဲ့မေးခွန်းက
ငါဘာအသုံးကျသလဲတဲ့
နင်ငါ့ကို ဘာအသုံးချချင်မှန်း မသိတော့
ငါဘာမှ ပြန်မဖြေတတ်ဘူး
ငါ့ကိုအရူးဆိုပြီး နင်ထားခဲ့တော့
ငါရူးကြောင်းသေချာသွားအောင်
နင်မရှိတဲ့ မနက်ဖြန်မှာ
တစ်စုံတစ်ယောက် ဖတ်မိဖို့အတွက်
ဒီကဗျာကို ငါရေးတယ်။

မိုးလှိုင်ည

Wednesday, May 2, 2007

ငါ့ကိုမမေးပါနဲ့

ကဗျာတွေဘာကြောင့်ရေးနေလဲလို့
ငါ့ကိုမမေးပါနဲ့ကမ္ဘာကြီးရယ်
လူ့ဘ၀သက်တမ်းတိုတိုလေးအတွက်
မင်းဆီကိုပြန်ပေးဆပ်ဖို့တန်ဖိုးက
ငါ့ဆီမှာကဗျာတွေပဲရှိတယ်...။
ငါရရှိခဲ့တဲ့အချိုးကျမေတ္ဒာတရားက
ဝေစုနည်းခဲ့တာတော့အမှန်ပဲ
ဒါပေမဲ့ငါကျေနပ်ပါတယ်
ဝင်သက်ထွက်သက်နဲ့စိတ်မှတ်အသိတွေထဲ
ကမ္ဒာ၊ကဗျာနဲ့၊ဖေဖော်ဝါရီရှိနေတဲ့အတွက်
ငါ့ရုပ်နာမ်နှစ်ပါးအလုံးစုံပျက်သုဉ်းမသွားခင်
ငါ့ချစ်နေခွင့်တွေအပြည့်အ၀ရပါရစေ။


မိုးလှိုင်ည

Tuesday, May 1, 2007

ရင်ဝေးငှက်

မိုးကောင်းကင်တနံတလျားကို
သားပျံသန်းသွားမယ်ဆိုတော့
အမေတားခဲ့သေးတယ်နော်
ကောင်းကင်ရဲ့မာယာတွေကို
အထင်မှားခဲ့တဲ့သားက
တိမ်လွှာဖြူတွေခူးစားဖို့ကြိုစားရင်း
တကယ်တမ်းကျတော့
ဘ၀ဆိုတာမုန်တိုင်းညတွေပဲလား
မောပန်းနေတဲ့အတောင်တစ်စုံအပေါ်
မိုးစက်တွေခပ်ကြမ်းကြမ်းရွာချ
မလုံခြုံတဲ့အရိပ်အာဝါသတွေအောက်မှာ
အမေ့ရဲ့ရင်ငွေ့အိမ်လေးကို
သတိရနေမိပေမယ့်
အခုတော့သားကရင်ဝေးငှက်ပေါ့...အမေ

မိုးလှိုင်ည

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...