Friday, November 9, 2007

လွယ်အိတ်ထဲမှာ

ကမ္ဘာကြီးကို
လွယ်အိတ်တစ်လုံးနဲ့ တူတယ်လို့
တစ်ယောက်ယောက်က
ဘာဖြစ်လို့ ပြောမထားခဲ့ရတာလဲ…။

ဘာကိုမှထည့်မထားတဲ့လွယ်အိတ်
တစ်လုံးဟာချိတ်ဆွဲခံထားရပြီး
မဆန့်မပြဲထည့်ခံထားရတဲ့လွယ်အိတ်
တစ်လုံးက လမ်းသလားနေတယ်…။

လွယ်အိတ်တစ်လုံးက
ထည့်သမျှသာ ပြန်ထုတ်ပေးနိုင်တယ်တဲ့
မျက်လှည့်ဆရာက
ကျွန်တော့်အိတ်ထဲက ဘာမဆိုထုတ်ပေးနိုင်တယ်
ဒါပေမယ့် ထုတ်ပေးနိုင်တာကို
ကြိုထည့်ထားရမယ် တဲ့…။

ကျွန်တော် လွယ်အိတ်တစ်လုံး မဖြစ်ချင်ခဲ့ပါ…။

ကမ္ဘကြီးတောင် အိတ်တစ်လုံးနဲ့
တူနေတဲ့နောက်မှာ
ကျွန်တော်လည်း
လွယ်အိတ်တစ်လုံးနဲ့တူတဲ့လူ ဖြစ်နေတယ်…။

အဲဒီလူကပဲ အပိုတပ်ဆင်ရသမျှ
လွယ်အိတ်တစ်လုံးကို ထပ်လွယ်ထားရတယ်
ဘာမှထည့်မထားတဲ့အိတ်တစ်လုံးကို
လွယ်ထားသူတွေ မတ်မတ်လျှောက်နိုင်ပေမယ့်
လေးလံတဲ့ ကျွန်တော့်လွယ်အိတ်ကြောင့်
ကျွန်တော်ကိုင်းညွတ်နေလေ့ရှိပါတယ်…။

ကျွန်တော့်လွယ်အိတ်ထဲမှာ
ကြေးနီရောင်မီးခြစ်တစ်လုံး
ဘယ်တော့မှဖတ်လို့မပြီးသေးတဲ့
တီအက်စ်အဲလိယော့ရဲ့ ဖုန်းဆိုးမြေ
ကဗျာဆရာ မိုယ်းဇော်ရဲ့သေတမ်းစာ
တရုတ်နိုင်ငံလုပ် ဘောပင်အစုတ်လေးချောင်း
ကမ္ဘာ့အရေးအခင်းတွေကို
မြန်မာဘာသာနဲ့ရေးထားတဲ့
ဂျာနယ်နှစ်စောင်
စိတ်ဓါတ်ကျရင် ထုတ်ဖတ်ဖို့
ဆရာဇော်ဇော်အောင်ရဲ့ နွားကျောင်းသားကဗျာစု
ကစ်ပလင်ရဲ့ If ကို မြန်မာအင်္ဂလိပ်နှစ်ဘာသာ
ဒိုင်ယာရီစာအုပ်နှစ်အုပ်
တစ်ဖက်လွတ် A4 စက္ကူအချို့
ကျွန်တော့်ကို ကိုင်းညွတ်စေတဲ့
မိဆိုးလေးစနေရဲ့စကားပြေအချို့
အဲဒီအရာတွေအားလုံး
laptop တစ်လုံးလိုချင်တဲ့ကဗျာဆရာရဲ့
ပထမဆုံးစုဆောင်းမိတဲ့
laptop အိတ်အဟောင်းကြီးထဲမှာ ပါတယ်…။

ရန်ကုန်မြို့ပလက်ဖောင်းတွေပေါ်မှာ
laptop အိတ်အဟောင်းကြီးနဲ့
ကိုင်းကိုင်းလျှောက်သွားနေသူဟာ
မိုးလှိုင်ညသာဖြစ်ပါလိမ့်မယ်…။

မိုးလှိုင်ည

8 comments:

  1. ထင်တော့ထင်သား..
    ဦးနှောက်အိတ်ထဲကနေ အဲလို စကားလုံး လှလှလေးတွေ
    ထွက်လာမယ်ဆိုတာ...း)
    “ဘာမှထည့်မထားတဲ့အိတ်တစ်လုံးကို
    လွယ်ထားသူတွေ မတ်မတ်လျှောက်နိုင်ပေမယ့်
    လေးလံတဲ့ ကျွန်တော့်လွယ်အိတ်ကြောင့်
    ကျွန်တော်ကိုင်းညွတ်နေလေ့ရှိပါတယ်…”
    ဒီအပိုဒ်လေး မိုက်တယ်... ဘာမှ မရှိတဲ့လူတစ်ယောက်ရဲ့
    စိတ်ဟာ ပေါ့ပါးနေတတ်တယ်။ လိုချင်တပ်မက်မှုတွေ
    ထည့်လွယ်ထားတဲ့ စိတ်ကတော့ လေးလံနေမှာပဲ။

    ကျေးဇူး မိုးလှိုင်း) တစ်ခြားလူတွေရဲ့ အိတ်နဲ့ကို မတူအောင်
    ဖတ်လို့ကောင်းတယ်..

    ReplyDelete
  2. မိုးလှိုင်ညရဲ့ အိတ်ထဲမှာ မေ့ကျန်နေတာရှိလို့ လာပြန်ပို့တာ .. မိုးလှိုင်ညက လူဆိုးကြီးတစ်ယောက်ဖြစ်ကြောင်း မြေကမ္ဘာထောက်ခံစာလေ

    ReplyDelete
  3. ကိုမိုးလှိုင်ရဲ့
    အိတ်လေးလိုချင်တယ်
    ပေးမလား

    ReplyDelete
  4. စိတ်ကြိုက် စကားလုံးတွေ တွေ့တယ်ပေါ့။
    ဆက်လက် ချီတက်နိုင်ပါစေ။

    ReplyDelete
  5. ဘာဖြစ်လို့လဲတော့ မသိဘူး..`လွယ်အိတ်ထဲမှာ´ ကဗျာလေးကို တော်တော်ကြိုက်တယ်...အိတ်ထဲမှာ ရှိတာလေးတွေကို သူများတွေနဲ့ မတူအောင် ကဗျာလေးနဲ့ ထုတ်ပြသွားတာ လှတယ်...ရန်ကုန်မြို့ ပလက်ဖောင်းတွေပေါ်မှာ laptop အိတ် အဟောင်းကြီး လွယ်ပြီး လျှောက်သွားနေတဲ့ ကဗျာဆရာတစ်ယောက်ကို မျက်စိထဲမှာ မြင်ယောင်လာတယ်...( ဒါနဲ့...အိတ်ထဲက ကြေးနီရောင်မီးခြစ် ယူသွားတယ်နော်..ညဘက် မီးပျက်ရင် ဖယောင်းတိုင် ထွန်းရအောင်လို့... :P )

    ReplyDelete
  6. အဲဒီ Laptop အိတ်ကြီးနဲ့
    ကိုင်းကိုင်း လျောက်သွားနေတဲ့သူ
    ကိုတွေ့ရင် ခေါ်လို့ရမလားဟင်။
    မုန့်လိုက်ကျွေးခိုင်းမလို့လေ။ :P

    ခင်မင်တဲ့
    မိုးချစ်သူ

    ReplyDelete
  7. မိုးလှိုင်ညကို ကိုယ့်ကဗျာထဲ ဖြတ်လျှောက် တစ်ခန်း ထည့်ထားတယ်။

    ReplyDelete
  8. အကောင်းဆုံးကဗျာတွေထဲက တစ်ပုဒ်ပါပဲဗျာ။ စကားလုံးအဟောင်းတွေနဲ့ပဲ အသစ်တွေရေးထားတာကို ခုမှပဲ လာဖတ်ဖြစ်တယ်။ မိဆိုးလေးစနေရဲ့ စကားပြန်တွေ ဆိုတာလေး သဘောကျတယ်။း) လေးစားလျက်ပါဗျာ။

    ReplyDelete

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...